ဖမ်းဆီးရမိသူများနှင့်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော်ရှိဟု AA ဆို

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ၊ ရက္ခိုင့်တပ်တော်သို့ နီးစပ်ရာမှတစ်ဆင့် လက်နက် (သို့မဟုတ်) လက်နက်မပါဘဲ ဝင်ရောက်လာကြသူများနှင့် မိမိတို့မှ ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ပြေးများမှာ ယခုအချိန်တွင် အရေအတွက် (၁၅၀) ကျော်အထိ ရှိခဲ့ပြီးဖြစ်သည်ဟု ရက္ခိုင့် တပ်တော်(AA)က ယနေ့(စက်တင်ဘာလ ၂၈ ရက်)၊ညနေပိုင်းတွင် ထုတ်ပြန်သည်။

28 Sep 2022

AA က ဖမ်းဆီးထားသော စစ်ကောင်စီတပ်သားမြင့်ဆွေအား တွေ့ရစဉ်။(ဓာတ်ပုံ-AA)

DMG | စက်တင်ဘာ ၂၈
 
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ၊ ရက္ခိုင့်တပ်တော်သို့ နီးစပ်ရာမှတစ်ဆင့် လက်နက် (သို့မဟုတ်) လက်နက်မပါဘဲ ဝင်ရောက်လာကြသူများနှင့် မိမိတို့မှ ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ပြေးများမှာ ယခုအချိန်တွင် အရေအတွက် (၁၅၀) ကျော်အထိ ရှိခဲ့ပြီးဖြစ်သည်ဟု ရက္ခိုင့် တပ်တော်(AA)က ယနေ့(စက်တင်ဘာလ ၂၈ ရက်)၊ညနေပိုင်းတွင် ထုတ်ပြန်သည်။

မိမိတို့အနေဖြင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားကာ အချို့ကို ၎င်းတို့သွားလိုသည့်နေရာသို့ အန္တရာယ် ကင်းစွာ ပို့ဆောင်ထားပြီးဖြစ်သည်ဟုဆိုသည်။

ရက္ခိုင့်တပ်တော် နှင့်စစ်ကောင်စီ တပ်တို့ အကြား တိုက်ပွဲများမှာ ယခုလအတွင်းတစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖက်မှ အထိအခိုက် အကျအဆုံး များပြားခြင်း၊ စခန်းစွန့်ခွာရမှုများခြင်းနှင့်အတူ စစ်ကောင်စီတပ်၏ တပ်ဖွဲ့ ဝင်များမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့သဖြင့် ရက္ခိုင်၊ ပလက်ဝ စစ်မြေပြင်များ၌ ထွက်ပြေးမှု (တပ်ပြေးမှု)များမှာ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလျက်ရှိသည်ဟု ဆိုထားသည်။

စက်တင်ဘာလ (၂၃) ရက်၊ ည (၁၁) နာရီတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြောပေါ် မှ မိမိတို့၏ အကျဉ်းထောင် (၂) ခုအား ထိမှန်ကာ ယင်းအကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် အခြားသောအကျဉ်းသားအချို့သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု AA ကဆိုသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သော နယ်ခြားစောင့်ရဲတချို့နှင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်တချို့ကို မိမိတို့မှ လူသားချင်းစာနာထောက်ထားကာ ဆေးကုသပေးထားသော်လည်း ဆေးဝါး အခက်အခဲတို့ကြောင့် တချို့မှာ အသက်သေဆုံးသွားသည်ဟု ဆိုသည်။

တချို့မှာဂျက်တိုက်လေယာဉ်မှ ဗုံးထိမှန်၍ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့် ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက် နည်းနေသေးသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့အသက်ရှင်ရေးအတွက် ၎င်းတို့၏သက်ဆိုင်ရာမိခင်အဖွဲအစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များထံသို ပြင်းထန် လူနာများကို အမြန်ဆုံးလာယူရန် အသိပေး အကြောင်းကြား ခဲ့ပြီးဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီ တပ်သည် လျစ်လျူရှုထားဆဲဖြစ်သည်။ ယခုအချိန်၌ အဆိုပါ ပြင်းထန်ဒဏ်ရာရသူများမှာ (၅) ရက် ကြာပြီ ဖြစ်သော်လည်း အသက်ကို ကယ်တင်ရန် ၎င်းတို့၏ မိခင်အဖွဲအစည်းမှ ဆက်သွယ်လာ ခြင်းမရှိသေး သော ကြောင့် ထပ်မံသေဆုံးသူ (၁) ဦးရှိခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် အဆိုပါဒဏ်ရာရ နယ်ခြားစောင့်ရဲတချို့ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အသက် ဆက်လက် ရှင်သန်ရေးအတွက် မိမိတို့တွင်ရှိသော ဆေးဝါးများဖြင့် အကောင်းဆုံးကြိုးစား ဆေးကုသပေးလျက်ရှိပါသည် ဟုရက္ခိုင့်တပ်တော်က ဆိုထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တုန့်ပြန်ချက်ရရှိနိုင်ရန်အတွက် မြန်မာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်း ထွန်းကို ဆက်သွယ်နေဆဲဖြစ်သည်။