သွားလာရခက်ခဲသော မာန်အောင်မြို့နယ်အတွက် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရန် လိုအပ်

မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာရခက်ခဲသော မြို့နယ်တစ်ခုဖြစ်ပြီး ကိုဗစ်လူနာများအတွက်လိုအပ်သည့် အောက်ဆီဂျင်ကို ပြတ်လပ်မှုမရှိစေရန် အလေးထားရမည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။

23 Jul 2021

ဓာတ်ပုံ - မာန်အောင်မှ ပျက်သွားသည့် Oxygen Concentrator အား ပြုပြင်နေစဉ်

DMG ၊ ဇူလိုင် ၂၃

မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာရခက်ခဲသော မြို့နယ်တစ်ခုဖြစ်ပြီး ကိုဗစ်လူနာများအတွက်လိုအပ်သည့် အောက်ဆီဂျင်ကို ပြတ်လပ်မှုမရှိစေရန် အလေးထားရမည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။

ရေလမ်းခရီးတစ်ခုတည်းကိုသာ အားထားသွားလာနေရသော မာန်အောင်မြို့နယ်မှာ အခြားမြို့နယ်များကဲ့သို့ အောက်ဆီဂျင် သယ်ယူပို့ဆောင်ရန်မလွယ်ကူသဖြင့် အောက်ဆီဂျင်ကို လက်ရှိသုံးစွဲမှုထက် ပိုလျှံစွာထားရှိရန် လိုအပ်နေသည်။

မာန်အောင်မြို့နယ်မှ အောက်ဆီဂျင်ပေးထားရသည့် ကိုဗစ်လူနာတစ်ဦးမှာ ဇူလိုင် ၂၂ ရက်နေ့က အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ရသည်ဟု မာန်အောင်မြို့ စေတနာရှင်လူမှုကူညီရေးအသင်း(နာရေး) ဥက္ကဋ္ဌ ဦးကျော်မိုးနိုင်က DMG သို့ ပြောသည်။

"မနေ့က အောက်ဆီဂျင်ပြတ်သွားလို့ လူနာတစ်ဦးသေဆုံးမှု ဖြစ်ခဲ့ရပါတယ်။ ဆရာဝန်တွေ၊ ဆရာမတွေလဲ ကြိုးစားနေကြပေမယ့် အရင်ပေးနေတဲ့ Oxygen Concentrator စက်နှစ်လုံးက အဲဒီနေ့မနက်မှာလောင်သွားတယ်။ ကျောက်ဖြူကပို့မယ့် အောက်ဆီဂျင်အိုးတွေကလည်း ရာသီဥတုအခြေအနေကြောင့် စက်လှေထွက်မရဘူးဖြစ်တော့ ယူလို့မရလိုက်ဘူး။ အဲဒါကြောင့် အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးသွားရတာဖြစ်တယ်" ဟု ပြောသည်။

ယနေ့ ဇူလိုင် ၂၃ ရက် နေ့လည်ပိုင်းအထိ ကျောက်ဖြူမှပို့သည့် အောက်ဆီဂျင်အိုးများမှာ ရာသီဥတုအခြေအနေကြောင့် သွားရောက်ယူနိုင်ခြင်းမရှိသေးသဖြင့် နောက်ထပ်အောက်ဆီဂျင်ပေးရမည့် လူနာများတိုးလာမည်ကို စိုးရိမ်နေရကြောင်းလည်း ဦးကျော်မိုးနိုင်က ဆိုသည်။

ယင်းကြောင့် မာန်အောင်မြို့နယ်အတွက် လိုအပ်မည့် အောက်ဆီဂျင်နှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများကို လွယ်ကူချောမွေ့စွာရရှိနိုင်ရန် ဒေသခံများက လိုလားနေကြသည်။

ယင်းသို့အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန်အတွက် မာန်အောင်မြို့နယ်တွင် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရန်လည်း အလှူငွေများကောက်ခံကာ ကြိုပမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်မှာ ကုန်ကျငွေ သိန်း ၈၀၀ ခန့်မှန်းထားပြီး လက်ရှိမှာ အလှူငွေ သိန်း ၃၀၀ ခန့် ရရှိထားပြီဖြစ်သည်ဟု အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြက ပြောသည်။

"ဒီကပ်ဆိုးက ဘယ်တော့ပြီးမယ်ဆိုတာမသိသေးတော့ အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့အတွက်က လိုအပ်လာတယ်။ အဲဒါကြောင့် အလှူရှင်တွေကိုလည်း အောက်ဆီဂျင်စက်ရုံမြန်မြန်တည်ဆောက်နိုင်ရေးအတွက် လှူပေးစေချင်တယ်" ဟု ပြောသည်။

မာန်အောင်မြို့နယ်တွင် ဇူလိုင် ၂၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၄ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၄ ဦးနှင့် လက်ရှိ ဆေးကုသမှုခံယူနေရသူ ၁၅ ဦးရှိကြောင်း သိရသည်။