တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့လာကြရန် စစ်ကောင်စီခေါင်းဆောင်က တတိယကြိမ်မြောက် ဖိတ်ခေါ်

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ကြရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတိယအကြိမ်မြောက် ထပ်မံ ဖိတ်ခေါ်လိုက်သည်။

02 Aug 2022

DMG ၊ သြဂုတ် ၂

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ကြရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတိယအကြိမ်မြောက် ထပ်မံ ဖိတ်ခေါ်လိုက်သည်။

ယမန်နေ့ (သြဂုတ်လ ၁ ရက်နေ့) အာဏာသိမ်းမှု (၁၈)လပြည့်ပြီး နောက်ထပ် ၆ လသက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ ပြည်သူများသို့ မိန့်ခွန်းပြောကြားရာတွင် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည့်အဖွဲ့များနှင့် ဒုတိယအကြိမ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကာ မဆွေးနွေးရသည့် နောက်ထပ် EAOs အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးရန် ထပ်မံဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ဒုတိယအကျော့ ထပ်မံဆွေးနွေးပါမယ်။ တချိန်တည်းမှာပဲ မဆွေးနွေးရသေးတဲ့ EAOs များကိုလည်း ကျွန်တော် ထပ်မံဖိတ်ခေါ်ပါတယ်။ မိမိဒေသ၊ မိမိလူမျိုးကို တကယ်ကောင်းကျိုးအတွက်လိုလားတယ်ဆိုရင် ဆွေးနွေးပါ။ တောင်းဆိုပါတယ်”ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်သည်။

စစ်ကောင်စီဥက္ကဋ္ဌသည် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု ကြွေးကြော်ကာ တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်နေ့က တစ်ကြိမ်၊ ဇွန်လ ၁၄ ရက်နေ့က တစ်ကြိမ်နှင့် ယမန်နေ့က တစ်ကြိမ်ဆိုလျှင် ၃ ကြိမ်မြောက် ဖိတ်ခေါ်ခဲ့သည်။

၎င်းတို့အနေဖြင့် နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူ့အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် လူမှုစီးပွားဘဝကို တည်ဆောက်သွားပေးမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုခဲ့သည်။

“တရားဝင်နိုင်ငံရေးစင်မြင့်ကို တက်လှမ်းကြဖို့ ကျွန်တော်ပြောလိုပါတယ်။ ဒါတွေဆွေးနွေးဖို့ ကျွန်တော်တို့ တံခါးကျယ်ကျယ်ဖွင့်ထားပါတယ်။ ရဲရဲသာလျှောက်လှမ်းခဲ့ကြပါလို့ ကျွန်တော်ပြောလိုပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် တော်လှန်ရေးအင်အားစုအားကောင်းနေသည့် ယခုအချိန်တွင် NUG၊ PDF စသည့် ဒေသကာကွယ်ရေးတပ်များကို ချန်လှပ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုသာ ဖိတ်ခေါ်ခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်နိုင်ကြောင်းလည်း နိုင်ငံရေးအကဲခတ်များက ပြောဆိုနေကြသည်။

ထို့အပြင် ရခိုင်ဒေသအတွင်း နှစ်ဘက်စစ်ရေးတင်းမာမှုများနှင့် အတူ ယခုရက်ပိုင်းများတွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်အတွက် ထိုသို့ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရက္ခိုင့်တပ်တော်(AA)အနေဖြင့် တက်ရောက်မည်မဟုတ်ဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကရှုမြင်သည်။

“ကျနော့်အမြင်ကတော့ AA အနေနဲ့ အဲဒီငြိမ်ချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့မြင်တယ်။ ဒါကြောင့်လည်း ယခင်နှစ်ကြိမ်လုံးကို မတက်ရောက်ဘဲနေတာ။ တဖက်မှာလည်း NUG နဲ့ အွန်လိုင်းကနေ ဆွေးနွေးထားတာတွေရှိတယ်။ AA အနေနဲ့ အခုအချိန်မှာ စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ အဖြေရှာဖို့မရှိလို့တော့ မြင်တယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိ ဦးခိုင်သုခကလည်း လက်ရှိရခိုင်တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို လိုက်လံဖမ်းဆီးနေသည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် ယုံကြည်မှုမရှိကြောင်း DMG ကိုပြောဆိုထားသည်။

“ရခိုင်ပြည်မှာ အခု ပြည်သူတွေကိုဖမ်းဆီးနေတာဟာ သူတို့(စစ်ကောင်စီ)ပြောတဲ့ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်တယ်ဆိုတာ လုံးဝဆန့်ကျင်နေတယ်။ အခုလုပ်ရပ်တွေက ငြိမ်းချမ်းရေးကို ဦးတည်တဲ့လုပ်ရပ် လုံးဝမဟုတ်တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုကိုပျက်ပြက်စေတာ”ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG၊ PDF အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် မဖိတ်ခေါ်သည့်အတွက် ထိုဆွေးနွေးပွဲမှာ အဓိပ္ပာယ်မရှိသည့် ဆွေးနွေးဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က DMG သို့ပြောသည်။

“NCA လက်မှတ်မထိုးထားတဲ့ ကျန်တဲ့အင်အားစုတွေနဲ့ ဒီနေ့အထိ ဆက်ပြီးတော့ မလိုအပ်တဲ့ ပဋိပက္ခတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြင်းအထန်တိုက်ခိုက်နေအုံးမှာပဲ။ အဲဒီတော့ NUG၊ PDF တွေနဲ့ တိုက်ပွဲဟာ EAOs တွေနဲ့ ပေါင်းစပ်ပြီး တိုက်တဲ့တိုက်ပွဲဟာ ဒီနေ့ ဗမာပြည်ပြည်တွင်းစစ်မှာ အမြင်ဆုံးတိုက်ပွဲဖြစ်ပါတယ်။ အဲဒီအဖွဲ့ အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ခေါ်ယူဆွေးနွေးမှုမလုပ်ဘဲနဲ့ ကျွန်တော်တို့ ဗမာပြည်မှာ ငြိမ်းချမ်းရေးပြဿနာဖြေရှင်းမှုဆိုတာ ဘာမှအဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ဖြစ်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA (တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ(KNU/ KNLA- PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့အပါအဝင် NCA လက်မှတ်ရေးထိုးမထားသည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မိုင်းလားအဖွဲ့(NDAA)တို့ တက်ရောက်ခဲ့ပြီး ပထမအကြိမ် ဆွေးနွေးခဲ့ကြသည်။

သို့သော်လည်း မူလက ဆွေးနွေးတက်ရန် သဘောတူထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် စစ်ကောင်စီတို့သည် လက်ရှိတွင် စစ်ရေးတင်းမာနေသဖြင့် ဆွေးနွေးရန် အဆင်မပြေသေးပေ။