မြေပုံမြို့နယ်တွင် စစ်ဘေးရှောင်နှစ်ဦး မိုင်းထိ၊တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

မြေပုံမြို့နယ်၊ စညှင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်နှစ်ဦးမှာ ယနေ့ (ဇွန်လ ၁၄ ရက်နေ့)၊ နံနက်ပိုင်းက မိုင်းထိမှန်သွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

14 Jun 2022

မိုင်းထိမှုကြောင့် သေဆုံးသွားသည့် စစ်ဘေးရှောင်အလောင်းကို သယ်ယူလာစဉ်။ (ဓာတ်ပုံ-CJ)

DMG ၊ ဇွန် ၁၄

မြေပုံမြို့နယ်၊ စညှင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်နှစ်ဦးမှာ ယနေ့ (ဇွန်လ ၁၄ ရက်နေ့)၊ နံနက်ပိုင်းက မိုင်းထိမှန်သွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

သေဆုံးသူမှာ ဦးမောင်သန်းတင် (၃၅ နှစ်) ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် ၂၉ နှစ်အရွယ် ဦးမောင်ကြည်ဝင်း ဖြစ်သည်။ ရွာနှင့် ၆ မိုင်ခန့်ဝေးသည့် စညှင်းချောင်းအထက်ပိုင်း၊ တောင်ပေါ်ချောင်းသို့ မျှစ်ချိုးရန်သွားကြစဉ် မြေ မြှုပ်မှိုင်းကို တက်နင်းမိသောကြောင့် ထိုသို့ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ အသျှင် ဝါယမက DMG သို့ မိန့်သည်။

" ကိုယ်တော်တို့ သတင်းကြားတာနဲ့တောင်အထိလူနာယူဖို့လိုက်သွားကြတယ်။ ဟိုရောက်တော့ တယောက်က ခြေနှစ်ဖက်စလုံးပြတ်ပြီး သွေးထွက်လွန်ပြီးသေနေပြီ။နောက်တယောက်ကတော့ ဒဏ်ရာတွေနဲ့။အခုတော့ ဒဏ်ရာရလူနာကတော့ စခန်းကိုရောက်နေပါပြီ။အလောင်းကတော့ ယူလာနေတုန်းပဲရှိသေးတယ်" ဟု မိန့်သည်။

ဒဏ်ရာရရှိသည့် ဦးမောင်ကြည်ဝင်းမှာ ညာဖက်လမ်းမောင်းနှင့်ညာဖက်ဝမ်းဗိုက်တို့တွင် ဒဏ်ရာရရှိ သွား သဖြင့် ကျေးရွာတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းမှလူများမှာ စားဝတ်နေရေးအတွက် မျှစ်ချိုး ရောင်းချကာ ရုန်းကန်နေရခြင်း ဖြစ်ပြီး ယခုကဲ့သို့ဖြစ်သွားသည့်အတွက် အလွန်ကြောက်ရွံ့တုန်လှုပ်မိကြောင်း ဒဏ်ရာရရှိသူကာယကံရှင် ဦးမောင်ကြည် ဝင်းကဆိုသည်။

" ဒီနေ့အဖြစ်အပျက်က အရမ်းကြောက်စရာကောင်းတယ်။ ကျနော်တို့နှစ်ယောက်မျှစ်ချိုးပြီးလို့ ပြန်ဆင်း တဲ့အချိန်မှ မိုင်းကထပေါက်တယ်။ဖြစ်ဖြစ်ချင်းဆိုရင် ကျနော့်ကိုယ်ပေါ်မှာလည်းသွေးတွေနဲ့ နောက်တယောက် ကြည့်လိုက်တော့လည်းခြေနှစ်ဖက်မရှိတော့ဘူး။ကျနော်တို့က တနေ့မျှစ်ချိုးရောင်းမှ တနေ့ထမင်းစားရတဲ့ ဘဝမျိုး။အခုဒီလိုဖြစ်သွားတော့ နောက်ဆိုရင် ကျနော်လည်းမသွားနိုင်တော့ဘူး ။ဘယ်သူမှလည်းသွားရဲကြမှာ မဟုတ်တော့ဘူး " ဟု ၎င်းက ပြောသည်။

အဆိုပါ ကျေးရွာအနီး တောင်တန်းများတွင် ယခင်က မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ ဖူးကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က  ပလက်ဝမြို့နယ်၊င/ရှကျေးရွာမှဒေသခံတစ်ဦးမှာ တောင်မှယာခုတ်၍ပြန်လာ စဉ်မိုင်းနင်းမိကာထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး မေလ ၃၁ ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှ အသက် ၇၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ တောင်ပေါ်သို့ဟင်းရှာသွားစဉ်မိုင်းနင်းမိကာ သေဆုံးသွားခဲ့သည်။

အလားတူ မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာမှဒေသခံတစ်ဦးမှာလည်း မေလ ၁၅  ရက်နေ့က တောင်ပေါ်သို့ အလုပ်လုပ်ရန်သွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကျန်လက်နက်နှင့်မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သားသေဆုံးသူ ၅၆ဦးနှင့်  ထိခိုက်ဒဏ်ရာ ရရှိသူ ၁၃၄ဦးအထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC )၏စာရင်းအရ သိရ သည်။