လူကိုဥပါဒ်ဖြစ်စေသည့် အသားချောင်းများရောင်းချခြင်းကို တွေ့ရှိပါက တိုင်ကြားနိုင်ဟုဆို

လူကိုဥပါဒ်ဖြစ်စေသည့် အသားချောင်းများရောင်းချခြင်းကို တွေ့ရှိပါက တိုင်ကြားပေးရန် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းကပြောသည်။

11 May 2022

ဓါတ်ပုံ - FDA မှထုတ်ပြန်ထားသော လူကိုဘေးဥပါဒ်ဖြစ်စေသည့် အသားချောင်းများ။

DMG ၊ မေ ၁၁

လူကိုဥပါဒ်ဖြစ်စေသည့် အသားချောင်းများရောင်းချခြင်းကို တွေ့ရှိပါက တိုင်ကြားပေးရန် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းကပြောသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ထောက်ခံချက်မပါရှိသည့် အသားချောင်းများစားသုံးမှုကြောင့် လူကိုအသက်အန္တရာယ် ထိခိုက်စေမှုများရှိခဲ့သဖြင့် အဆိုပါအသားချောင်းများကို ရောင်းချခြင်းမပြုရန် ဈေးဆိုင်များကို ညွှန်ကြားထားသည်ဟု ၎င်းကဆိုသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ပူးပေါင်းအဖွဲ့က စတိုးဆိုင်တွေမှာ စစ်ဆေးတာတွေလုပ်ခဲ့တယ်။ စစ်တွေမြို့ပေါ်က နာမည်ကြီးဆိုင်တွေမှာရောင်းနေတာ တွေ့ခဲ့တာကြောင့် အကုန်သိမ်းဆည်းပြီးတော့ နောက်မရောင်းဖို့ ပညာပေး၊ သတိပေးတာတွေလုပ်ခဲ့တယ်။ တကယ်လို့ရောင်းနေတာတွေတွေ့ရင် ကျွန်တော်တို့ဆီကို တိုင်လို့ရပါတယ်”ဟု ဦးတင်ဇော်ဝင်းကပြောသည်။

အဆိုပါအသားချောင်းများရောင်းချမှုကိုတွေ့ရှိပါက ရခိုင်ပြည်နယ်အတွင်းတွင် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဖြေရှင်းရေးစင်တာများဖြစ်သည့် စစ်တွေမှ ဦးသိန်းအောင် (Ph-09- 259,461,288)၊ ကျောက်ဖြူမှ ဦးမောင်စောဝေ(Ph-09-261,626,020)နှင့် သံတွဲမှ ဦးမျိုးမြင့်ထွန်း(Ph-043 2065232)တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့လည်း လစဉ်အခြားအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ဆေးတာတွေလုပ်နေပါတယ်။ ဒီကြားထဲမှာ ပြည်သူတွေအနေနဲ့တွေ့ခဲ့ရင်လည်း တိုင်ကြားပေးကြပါ။ ကျွန်တော်တို့အနေနဲ့သိမ်းဆည်းပြီး သတိပေးတာတွေ လုပ်ပါမယ်။ တကယ်လို့ထပ်ရောင်းခဲ့ရင်တော့ ဥပဒေအတိုင်း အရေးယူတာတွေရှိလာမှာပါ”ဟု ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းကပြောသည်။

ပြီးခဲ့သည့်မေလ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဘူတာစုအပိုင်းတွင်နေထိုင်သည့် လူ ၄၅ ဦးမှာ အသားချောင်းများစားမိသည့်အတွက် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း အစာအဆိပ်သင့်သူများကိုကူညီပေးခဲ့သည့် မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှ ကိုမင်းဒင်ထံမှသိရသည်။

ထိုသို့အစာအဆိပ်သင့်သူများအနက်မှ ငါးဦးခန့်မှာ လက်ရှိတွင်ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ကျန်လူများမှာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိရခိုင်ပြည်နယ်တွင်လည်း ပြည်သူများ(အထူးသဖြင့် အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များ)မှာ အသားချောင်းများကို နှစ်ချိုက်စွာစားသုံးလာကြသဖြင့် ဈေးကွက်အတွင်းရောက်ရှိနေသည်ကို သတိပြုရန်လိုကြောင်း စစ်တွေမြို့ဒေသခံ ကိုအောင်ကြည်မိုးကပြောဆိုသည်။

“ဒီအသားချောင်းတွေက ရယ်ဒီမိတ်အစားအသောက်တွေဖြစ်တယ်ဆိုတော့ FDA ထောက်ခံချက်ပါတဲ့ ဟာတွေလည်း ဆိုးကျိုးတော့အနည်းနဲ့အများ ရှိနိုင်ပါတယ်။ နောက်ပြီး အခုဆိုရင် လူကိုဥပါဒ်ဖြစ်စေတဲ့ အသားချောင်းတွေလည်း ဈေးကွက်ထဲကိုရောက်နေပြီဆိုတော့ ဒီကုန်ပစ္စည်းမျိုးတွေ့ရင် သက်ဆိုင်ရာကိုတော့ အကြောင်းကြားဖို့လိုပါတယ်”ဟု သူကရှင်းပြသည်။

အသားချောင်းစားသောက်ခြင်းကြောင့် ဥပါဒ်ဖြစ်ပွားမှုများရှိခဲ့သဖြင့် ရောင်းချခြင်းမပြုလုပ်ရန်နှင့် ရောင်းချခြင်းများတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း FDA က ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။