မဲတောင်ဗျူဟာ ကျရှုံးပြီးနောက် အမ်းမြို့ခံစစ်ကို ပိုခိုင်မာအောင် ပြင်ဆင်နေ 

မဲတောင်ဗျူဟာကုန်းကို AA က စက်တင်ဘာ ၂၆ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။

By Admin 08 Oct 2024

မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ အောက်တိုဘာ ၈

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ အမ်းမြို့၏ အဓိက ကာကင်းစခန်းဖြစ်သည့် မဲတောင်ဗျူဟာ စခန်းကြီးကို အာရက္ခတပ်တော်က အလုံးစုံ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီသည် မြို့ပေါ်တပ်ရင်းများ၊ မြို့အဝင်/ထွက်နှင့် မြို့တွင်းနေရာများတွင် ခံစစ်အခိုင်အမာ ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

မဲတောင်ဗျူဟာကုန်းကို AA က စက်တင်ဘာ ၂၆ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါဗျူဟာမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများအား အမ်းမြို့အဝင် ခမရ (၃၇၃) တပ်ရင်းနှင့် အခြားနေရာများတွင် အင်အားဖြည့်ထားကြောင်း သိရသည်။ 

ယင်းအပြင် တပ်မိသားစုဝင်များကိုလည်း ယနေ့ (အောက်တိုဘာလ ၈) နံနက်ပိုင်းတွင် ကုန်ကားအစီးရေ ၂၃ စီးဖြင့် ပြည်မဘက်သို့ ပြောင်းရွှေ့နေကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ဦးက “နံနက်ပိုင်းက တပ်မိသားစုဝင်တွေကို မင်းဘူး၊ မကွေးဘက်တွေကို ပြောင်းရွှေ့ခဲ့တယ်။ တပ်ဆုတ်လာတဲ့ တပ်သားတွေကိုလည်း မြို့တွင်းတပ်ရင်းတွေမှာ အင်အားဖြည့်ထားတယ်။ ပြီးတော့ မြို့တွင်း နေရာအနှံ့အပြားမှာလည်း တပ်ဖြန့်ထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

အမ်းမြို့တွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ ခမရ - ၃၇၁၊ ခမရ - ၃၇၂၊ ခမရ - ၃၇၃ နှင့် အတူ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ်(BE)၊ ဆေးတပ်နှင့် အခြားတပ်စခန်းများ အခြေစိုက်ထားသည်။

မဲတောင်ဗျူဟာကုန်းရှိ တပ်စခန်းများသည် အမ်းမြို့နှင့် ၈ မိုင်ခန့်သာကွာဝေးပြီး မဲတောင်နှင့် မြို့အဝင် ခမရ (၃၇၃) တပ်ရင်းကြားတွင် ရွာသာယာ၊ ကံ့ကော်တစ်ထောင်၊ ကြိမ်ချောင်းနှင့် ကျောက်စကွဲ စသည့် ကျေးရွာများရှိသည်။ 

အဆိုပါကျေးရွာအနီးအနားရှိ လမ်းများနှင့် အမ်း - စစ်တွေ အဝေးပြေးလမ်းမကြီးတလျှောက်တွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ ကတုတ်ကျင်းများတူးကာ ခံစစ်ပြင်ဆင်မှုများရှိကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီက အရင်ကနေ မြို့ပတ်ပတ်လည်ကို ကတုတ်ကျင်းတွေ တူးထားတာရှိတယ်။ အဲဒီနေရာတွေမှာ တပ်အင်အားတွေ ဖြည့်ထားတာ။ ပြီးတော့ ချောင်းကမ်းစပ်နေရာတွေမှာလည်း မိုင်းတွေထောင်ထားပြီး ကင်းစောင့်နေတာတွေကို မြင်ရတယ် ” ဟု အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်တွေ - အမ်း - တပ်တောင် လမ်းဆုံအနီးရှိ နပခဌာနချုပ်တွင်လည်း ယခင်ကာရံထားသည့် အုတ်နံရံအရှေ့ဘက် ပေ ၂၀ ခန့်အကွာတွင် ဝါးချွန်စူးများဖြင့် ခြံစည်းရိုး နောက်တစ်ထပ် ကာရံထားကြောင်း သိရသည်။ 

AA ထိုးစစ်များသည့် အမ်းမြို့နှင့် တဖြည်းဖြည်း နီးကပ်လာမှု၊ စစ်ကောင်စီကလည်း ခံစစ်ပြင်ဆင်နေမှုများကြောင့် ဒေသခံများမှာ တိုက်ပွဲကြားပိတ်မိမည်ကို စိုးရိမ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးသူများလည်း ရှိနေကြောင်း သိရသည်။

အမ်းသည် စစ်ကောင်စီအတွက် စစ်ရေးအရ အဓိကကျသည်သာမက ဂုဏ်သိက္ခာပိုင်းတွင်လည်း အရေးပါနေသဖြင့် AA ထိုးစစ်ဆင်ရမည့် အမ်းမြို့သိမ်းတိုက်ပွဲသည် ယခင်တိုက်ပွဲများထက် ပြင်းထန်လာနိုင်ခြေရှိကြောင်း နိုင်ငံရေး၊ စစ်ရေး အကဲခတ်တို့က မှတ်ချတ်ပေးသည်။

နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးဖေသန်း “အမ်းမြို့ကျသွားရင်တော့ မြန်မာစစ်တပ်အနေနဲ့ ရှေ့ကို ဆက်လက်ရပ်တည်ဖို့၊ အခြားတပ်စခန်းတွေကို ညွှန်ကြားဖို့ ခေါင်းမရှိတော့တဲ့အတွက် စစ်ဆင်ရေး ဖရိုဖရဲ ဖြစ်လာနိုင်တယ်။ အခြားမြို့တွေလည်း အလွယ်တကူ ကျလာနိုင်တယ်။ ဒါတွေကြောင့် နပခဌာနချုပ်ရှိတဲ့အတွက် အမ်းတိုက်ပွဲဟာ ပိုပြီးပြင်းထန်လာနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မောင်တော၊ အမ်း၊ ကျိန္တလီ စသည့်ဒေသများတွင် တိုက်ပွဲများရှိနေပြီး တောင်ကုတ်မြို့ရှိ စကခ(၅) ဌာနချုပ်ကိုလည်း ဝန်းရံပိတ်ဆို့ထားကာ ရခိုင်ပြည်တွင်း စစ်ကောင်စီတပ်အားလုံးကို ချေမှုန်းသွားမည်ဟု AA က ကြေညာထားသည်။