လားရှိုးမြို့ကို MNDAA က ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်နေဟု စစ်ကောင်စီပြော

MNDAA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ကျားဖြန့်တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် စတင်ခဲ့သော်လည်း လက်ရှိတွင် NUG နှင့် တွေ့ဆုံဆွေးနွေးမှုသာမက ကိုးကန့်ဒေသ၏ ပြင်ပကိုပါ ဆက်လက်နယ်မြေချဲ့ထွင်နေကြောင်း စစ်ကောင်စီက ပြောသည်။

By Admin 10 Jul 2024

လားရှိုးမြို့ကို MNDAA က ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်နေဟု စစ်ကောင်စီပြော

DMG ၊ ဇူလိုင် ၁၀

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ထားသည့် လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA)က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေကြောင်း စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

ဇူလိုင်လ ၃ ရက်မှစ၍ ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးများဖြင့် နေ့စဉ်တိုက်ခိုက်ခံနေရကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံသည်။ 

“MNDAA ပူးပေါင်းအဖွဲ့ဟာ ဇူလိုင်လ ၃ ရက်နေ့ကတည်းက လားရှိုးမြို့နဲ့ ပတ်ဝန်းကျင်တွေကို ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်နေတာရှိတယ်။ MNDAA အဖွဲ့က ချင်းရွှေဟော်ဒေသနှင့် ကိုးကန့်နယ်မြေကို စတင်တိုက်ခိုက်ကာစက ကျားဖြန့်(ခေါ်) အွန်းလိုင်းလောင်းကစားနဲ့လိမ်လည်မှုကို တိုက်ဖျက်ဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့ စတင်ခဲ့တာဖြစ်တယ်။ အခုတော့ ကိုးကန့်နယ်မြေ အထူးဒေသ(၁) ဆိုပြီး လုပ်ဆောင်လာပါတယ်” ဟု ပြောသည်။ 

MNDAA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ကျားဖြန့်တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် စတင်ခဲ့သော်လည်း လက်ရှိတွင် NUG နှင့် တွေ့ဆုံဆွေးနွေးမှုသာမက ကိုးကန့်ဒေသ၏ ပြင်ပကိုပါ ဆက်လက်နယ်မြေချဲ့ထွင်နေကြောင်း ဆိုသည်။

လားရှိုးမြို့ တိုက်ခိုက်ခံရမှုတွင် အရပ်သား ၁၈ ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၂၄ ရှိကာ လားရှိုးလေဆိပ်အနီးရှိ တရုတ်ဖာရွှန်ဘုံကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ဆိုထားသည်။

ယင်းအပြင် ဇွန်လ ၂၅ ရက်မှစ၍ နောင်ချိုနှင့် ကျောက်မဲမြို့နယ်ရှိ တပ်စခန်းများမှာလည်း တအာင်းတပ်(TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ခံနေရသည်ဟု စစ်ကောင်စီက ပြောသည်။ 

လက်ရှိချိန်တွင် ကိုးကန့်တပ်ဖွဲ့ တိုက်ခိုက်နေသည့် လားရှိုးမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး၊ TNLA ပူးပေါင်းတပ်တို့ တိုက်ခိုက်နေသည့် နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်စခန်းပေါင်း ၄၀ ကျော်ကို သိမ်းပိုက်ထားရရှိထားပြီးဖြစ်သည်။

စစ်ရေးအကဲခတ်တစ်ဦးက “စစ်ကောင်စီက ပြည်သူ့စစ်တွေကို စုဆောင်းပြီးတော့ သူတို့အင်အား ပြန်ပြည့်လာပြီလို့ ထင်နေတာ။ အဲဒါကြောင့်လည်း ဟိုင်ဂင်သဘောတူညီချက်ကို ဖောက်ဖျက်ပြီးတော့ ကိုးကန့်တပ်နဲ့ တအာင်းတပ် တို့ကို သူတို့ကပဲအရင်ရန်စပြီး တိုက်တာဖြစ်တယ်။ အခု ဟိုကပြန်တိုက်လို သူတို့စခန်းတွေ၊ မြို့တွေဆုံးရှုံးလာမှ တိုင်းရင်းသားတပ်တွေကို အပြစ်ပုံချဖို့ ကြိုးစားလာတာ” ဟု ပြောသည်။

တကျော့ပြန် ရှမ်းမြောက်စစ်ဆင်ရေးအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်တိုက်မြင့်တက်လာနေပြီး နေရပ်စွန့်ခွာနေရသည့် ဒေသခံလည်း သိန်းနှင့်ချီပြီး ရှိလာနေကြသည်။