- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မွန်ပြည်နယ်မှ လူငယ်များ ပြည်ပထွက်ခွာမှုမြင့်တက်
မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မွန်ပြည်နယ်မှ ကျေးလက်နှင့်မြို့ပြရှိ လူငယ်များမှာ အလုပ်လုပ်ကိုင်ရန် ပြည်ပထွက်ခွာမှု များပြားလာနေကြောင်း ဒေသခံများနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။
15 Sep 2022
DMG ၊ စက်တင်ဘာ ၁၅
မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မွန်ပြည်နယ်မှ ကျေးလက်နှင့်မြို့ပြရှိ လူငယ်များမှာ အလုပ်လုပ်ကိုင်ရန် ပြည်ပထွက်ခွာမှု များပြားလာနေကြောင်း ဒေသခံများနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းမှုဂယက်အဖြစ် ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးလာမှု၊ စားဝတ်နေရေး ကြပ်တည်းလာမှုတို့ကြောင့် ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းလာကြသည်ဟု မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာမှ လူငယ်တစ်ဦးကပြောသည်။
“အဓိက ပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် စားဝတ်နေရေးတွေ ခက်ခဲလာတယ်။ အလုပ်အကိုင်အဆင်မပြေတာတွေကြောင့် ပြည်ပကိုထွက်ပြီးအလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာဖြစ်ပါတယ်။ အခုရွာမှာဆို လူငယ်တွေမရှိသလောက်ကို ဖြစ်နေပါတယ်”ဟု အဆိုပါဒေသခံက ပြောသည်။
အဆိုပါလူငယ်များမှာ ထိုင်းနိုင်ငံသို့ အများဆုံးသွားရောက်ကြပြီး မလေးရှား၊ စင်ကာပူ၊ ကိုးရီးယားနှင့် ဂျပန်နိင်ငံများသို့ အနည်းအကျဉ်းသွားရောက်ရန် ကြိုးစားသူများလည်းရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “အခုလထဲမှာ ပြည်ပထွက်ဖို့ ကြိုးစားနေတဲ့သူတွေများလာတယ်။ ဒီမှာကလည်း အလုပ်အကိုင်အခြေအနေတွေက မကောင်းတော့ ပြည်ပမှာပဲ အလုပ်ကိုင်တွေရဖို့ ရည်ရွယ်ချက်တွေနဲ့ ထွက်သွားကြတာ။ အများဆုံးက ထိုင်းသွားကြတာပေါ့”ဟု ဆိုသည်။
ထိုသို့ ပြည်ပထွက်ခွာရာတွင် တရားမဝင်သွားရောက်မှုများကြောင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံရကာ ထောင်ဒဏ်ကျခံနေရသူများလည်း အများအပြားရှိကြောင်း ထိုင်း-မြန်မာ ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
ထိုင်း-မြန်မာ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူတစ်ဦးက “တရားဝင်ကော တရားမဝင်ပါ သွားနေကြတာ။ ထိုင်းကနေအချို့ဆို မလေးရှားကိုသွားမယ်လုပ်လို့ အဖမ်းခံရတာရှိတယ်။ ထိုင်းကိုဝင်တဲ့ သူလည်းရှိတယ်။ တချို့က ထောင်ကျနေတယ်။ တချို့ကတော့ ပြန်လွတ်ပြီးတော့ မြန်မာပြည်ဘက် ပြန်အပို့ခံရတာတွေရှိနေတယ်”ဟု ပြောသည်။
၂၀၁၉ ခုနှစ်၌ ကြားဖြတ်ကောက်ယူခဲ့သည့်သန်းခေါင်စာရင်းအရမွန်ပြည်နယ်တွင် လူဦးရေ၂သန်းနီးပါးရှိနေသည်။
ထို့အပြင် စစ်တပ်မှအာဏာမသိမ်းမီနှင့်အာဏာသိမ်းယူပြီးချိန်အတွင်း၌ ပြည်ပသို့ အလုပ် လုပ်ကိုင်ရန်အတွက်ထွက်ခွာနေသည့်လူငယ်ဦးရေအရေအတွက်မှာ ငါးသိန်းကျော်အထိရှိနေကြောင်းမွန်လူငယ်ကွန်ယက်အဖွဲ့(Mon Youth Foundation)
ထံကသိရသည်။
မွန်ပြည်နယ်တွင် လူဦးရေနှစ်သန်းကျော်ရှိနေပြီး လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ပြည်ပသို့ အလုပ်အကိုင်ရရှိရန် ထွက်ခွာသူ ငါးသိန်းကျော်အထိရှိနေကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက်ခွာသွာခြင်း၊ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအများစု ရပ်နားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာခြင်းနှင့် လုပ်ခလစာ နည်းပါးလာခြင်းတို့ကြောင့် ပြည်တွင်းရှိ လူငယ်အများစုမှာ နေရပ်ကိုစွန့်ခွာပြီး ပြည်ပနိုင်ငံများသို့ အလုပ်အကိုင်ရရှိရန် အရဲစွန့်သွားလာနေရခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။