မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများလုံခြုံရေးအခြေအနေ ပိုဆိုးလာဟု မြန်မာ့အမျိုးသမီးများသမဂ္ဂထုတ်ပြန်

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက်ပိုင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများမှာ အဘက်ဘက်မှ ချွတ်ခြုံကျနေသည့်အတွက် လုယက်ဓားပြတိုက်မှုများပေါများလာကာ အမျိုးသမီးများအတွက် လုံခြုံမှုပိုမိုကင်းမဲ့လာကြောင်း Burma Woman Union (မြန်မာ့အမျိုးသမီးများသမဂ္ဂ)၏ အစီရင်ခံစာတွင်ဖော်ပြသည်။

23 Aug 2022

သြဂုတ်လ ၁၅ ရက်နေ့က စစ်တွေတွင် ဓားထိုးခံရ၍ သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး၏နာရေး။

DMG ၊ သြဂုတ် ၂၃

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက်ပိုင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများမှာ အဘက်ဘက်မှ ချွတ်ခြုံကျနေသည့်အတွက် လုယက်ဓားပြတိုက်မှုများပေါများလာကာ အမျိုးသမီးများအတွက် လုံခြုံမှုပိုမိုကင်းမဲ့လာကြောင်း Burma Woman Union (မြန်မာ့အမျိုးသမီးများသမဂ္ဂ)၏ အစီရင်ခံစာတွင်ဖော်ပြသည်။

ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မြစ်ကြီးနား စသည့်မြို့ကြီးတို့တွင် ဓားထောက်လုယက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး အမျိုးသမီးများ သွားလာရေးမလုံခြုံမှုများနှင့် ရင်ဆိုင်နေကြရကာ ရခိုင်တွင်လည်း ထိုနည်းအတူရှိနေကြောင်း အစီရင်ခံစာကဆိုသည်။  

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးမှာ ဓားပြတိုက်၍ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း Burma Woman Union ၏ ၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအထိ ၃ လတာ အမျိုးသမီးများဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာကဆိုသည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းကာလမှာ အမျိုးသမီးများအတွက် လုံခြုံမှုပိုမိုအားနည်းနေပြီး တရားဥပဒေစိုးမိုးရေး အားနည်းလာမှုကြောင့် အမျိုးသမီးများမှာ အကြမ်းဖက်မှုကို ပိုမိုခံစားနေရကြောင်း ဥပဒေရေးရာကုစားရေးရုံး(ရခိုင်ပြည်နယ်) မြောက်ပိုင်းတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာကပြောသည်။

“အမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်ပြီး ကြိုးစားဆောင်ရွက်နေကြပေမယ့်လည်း တရားဥပဒေစိုးမိုးမှုမရှိတော့ ထင်သလောက် မလွယ်ကူဘူး။ အဓိကတော့ အမျိုးသမီးတွေကို လေးစားတန်ဖိုးမထားဘူး။ ဥပဒေက ပြဋ္ဌာန်းထားတဲ့ အမျိုးသမီးအခွင့်အရေးတွေကို လိုက်နာမှုမရှိတဲ့ အခြေအနေတွေကြောင့် အမျိုးသမီးတွေဟာ အကြမ်းဖက်မှုကို ပိုပြီးခံစားရတယ်။ ဒီထက်ဆိုးတာက လက်ရှိနိုင်ငံရေး အကျပ်အတည်းကာလမှာ အမျိုးသမီးတွေလုံခြုံမှုမရှိဆုံးပေါ့”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံးအနီးရှိ ဆိုင်ခန်းတစ်ခုတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဓားထိုးသတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့သည်။ အဆိုပါအမှုတွင် လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သူတရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးသဖြင့် ရခိုင်လူထုအကြား ဝေဖန်မှုများမြင့်တက်နေသည်။

ဌာနေတိုင်းရင်းသားများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ခံ မမိုင်စုစုလှိုင်က “အမျိုးသမီးများ အကြမ်းဖက်ခံရမှုက အားလုံးမြို့နယ်တိုင်းမှာ ရှိကြတယ်။ အခုလို ဥပဒေစိုးမိုးမှုမရှိတဲ့ ကာလမှာဆိုရင် ထုတ်ဖော်ပြောကြားရင်လည်း ထိရောက်စွာ အရေးယူနိုင်မယ့် အနေအထားမရှိသလို ကိုယ့်ရဲ့လုံခြုံရေးကိုပါ ပြန်ထိခိုက်နိုင်တဲ့အတွက် တချို့က မပြောတာလဲရှိပါတယ်။ အမျိုးသမီးအကြမ်းဖက်ခံရမှုက နေရာတိုင်းမှာလို ရှိနေပါသေးတယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့ အမျိုးသမီးများလုံခြုံမှုကင်းမဲ့ရခြင်းမှာ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများကြောင့်ဖြစ်ပြီး အမျိုးသမီးများ ရုန်းကန်လှုပ်ရှားမှုတို့တွင် အကြမ်းဖက်မှုဖြစ်စဉ်များမှာ ပိုပြီးစိုးရိမ်စရာရှိလာကြောင်းလည်း ရခိုင်ပြည်နယ်၊ အမျိုးသမီးမျိုးဆက်သစ်အဖွဲ့(Women Generation) စစ်တွေမြို့မှ တာဝန်ခံ မခင်မြင့်ဇော်ကပြောသည်။

“အဓိကတော့ နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြားမှာ အမျိုးသမီးတွေဟာလည်း အရင်ထက်ပိုပြီးတော့ ရုန်းကန်ရတာခက်ခဲလာသလို အကြမ်းဖက်ခံရမှုနဲ့ မလုံခြုံမှုတွေက ပိုးပြီးတော့ စိုးရိမ်စရာတွေရှိလာနေတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ စစ်အာဏာသိမ်းပြီး ၁၇ လအတွင်း နိုင်ငံရေးလှုပ်ရှားမှု (သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီမှ ဖမ်းဆီးထားသည့် အမျိုးသမီးဦးရေ ၂၃၇၂ ဦးရှိကြောင်းလည်း (မြန်မာ့အမျိုးသမီးများသမဂ္ဂ)၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ညောင်းပင်ကြီးတောကျေးရွာတွင်လည်း အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးမှာ ဓားပြတိုက်ခံခဲ့ရသည်။ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်တွင်လည်းဘဏ်မှ ငွေထုတ်ပြီးပြန်လာသည့် အမျိုးသမီးတစ်ဦးမှာ ဓားပြတိုက်ခံရပြီး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အသက်ဆုံးရှုံးခဲ့ကြောင်း BWU ၏ ယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရခိုင်ပြည်တွင်လည်း ၂၀၂၂ ဇန်နဝါရီလမှစတင်ကာ ယခုဩဂုတ်လအတွင်းထိ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရသည့် တိုင်းတန်းမှု ၂၃၅ မှုထိရှိခဲ့ပြီး ယင်းအထဲတွင် တရားရင်ဆိုင်ဖြေရှင်းခဲ့သည့်အမှု ၂၇ မှုရှိကြောင်း ဥပဒေရေးရာကုစားရေးရုံး(ရခိုင်ပြည်နယ်)မှ သိရသည်။