- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
AA ၏ အုပ်ချုပ်ရေးကိစ္စများကို လက်မခံရန် ကျောက်တော်က မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်၍ပြော
ရက္ခိုင့်တပ်တော်(AA)မှ ရဲသင်တန်း၊ အုပ်ချုပ်ရေးသင်တန်းများ ပေးမည့်ကိစ္စများကို လက်မခံကြရန် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်၍ပြောကြားခဲ့ကြောင်း ယင်းရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
06 Sep 2021
DMG ၊ စက်တင်ဘာ ၇
ရက္ခိုင့်တပ်တော်(AA)မှ ရဲသင်တန်း၊ အုပ်ချုပ်ရေးသင်တန်းများ ပေးမည့်ကိစ္စများကို လက်မခံကြရန် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်၍ပြောကြားခဲ့ကြောင်း ယင်းရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
စက်တင်ဘာလ ၆ ရက်နေ့က ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးအုပ်ချုပ်ရေးမှူးများကို ခမရ(၃၇၅)တပ်ရင်း အစည်းအဝေးခန်းမသို့ခေါ်ယူကာ စကစ(၉)တပ်ရင်းမှ တာဝန်ရှိသူများက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“AA ဘက်က ရဲသင်တန်းတွေ၊ အုပ်ချုပ်ရေးသင်တန်းတွေပေးဖို့ကိစ္စကို လက်မခံကြပါနဲ့။ ပြည်နယ်တစ်ခုတည်းမှာ အုပ်ချုပ်ရေးနှစ်ခုရှိလို့မရဘူး။ သူတို့ပြောတာကိုနားယောင်ပြီးမလိုက်နာကြနဲ့။ နားယောင်ပြီးလိုက်သွားလို့ရှိရင်တော့ သူတို့ပိုင်ဥပဒေနဲ့ငြိမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်" ဟု ယင်းအစည်းအဝေးခန်းမသို့တက်ရောက်ခဲ့သည့် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက DMG သို့ ပြောသည်။
ထို့အပြင် ကျေးရွာအတွင်းဖြစ်ပွားသည့် အမှုကိစ္စများကို AA ထံသို့ မတိုင်ကြားရန် စစ်တပ်ကပြောဆိုခဲ့ကြောင်းလည်း သိရသည်။
"ပြဿနာတစ်စုံတစ်ရာဖြစ်ရင် ရွာမှာရှိတဲ့ ဌာနဆိုင်ရာ၊ ထွေအုပ်ကဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရပ်မိရပ်ဖတွေနဲ့ ပြဿနာကိုဖြေရှင်းပေးလိုက်။ အဲဒီလိုဖြေရှင်းပေးလို့မရရင် သူတို့စခန်းကို ဖုန်းဆက်အကြောင်းကြားပေး။ သူတို့အနေနဲ့လုံခြုံရေးယူပေးမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်“ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။
မွတ်ဆလင်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူ၍ အမှုကိစ္စများကို AA ထံ မတိုင်ကြားရန်ပြောဆိုသည့်အပေါ် ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက “ကျွန်တော်တို့အကြံပြုချင်တာက AA တရားရုံးထက် တရားစီရင်ရေးကောင်းတဲ့ ပြည်သူအတွက်အလုပ်အကျွေးပြုတဲ့၊ ပြည်သူ့ကောင်းကျိုးအတွက် စီမံဆောင်ရွက်ပေးတဲ့ တရားစီရင်ရေးကိစ္စတွေကို လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ ဒါဆိုရင် AA တရားရုံးကိုလည်း သွားချင်မှသွားကြတော့မယ်“ဟု ပြောသည်။
ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူပြောကြားသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)မှ ရခိုင်ပြည်အတွင်းဖြစ်ပွားသည့်အမှုကိစ္စများကို တိုင်ကြားနိုင်ကြောင်းနှင့် တရားစီရင်ရေး ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့ကထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူ၍ ပြောကြားလာခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ကျောက်ဖြူမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူပြီး အေအေနှင့်ပတ်သက်သည့်သတင်းများကိုပေးရန် ဖိအားပေးပြောကြားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများရပ်တန့်နေသည်မှာ ၁၀ လခန့်ရှိလာနေပြီး လက်ရှိတွင် စစ်တပ်က မြို့နယ်အချို့၌ အင်အားဖြင့်လှည့်လည်နေမှုများကြောင့် တိုက်ပွဲပြန်ဖြစ်မည်ကိုစိုးရိမ်ကြောင်း ဒေသခံများကပြောဆိုကြသည်။