မီးဘေးသင့်စစ်ဘေးရှောင်မိသားစုများကို မွတ်ဆလင်ကျောင်းသားမျာက ငွေသွားရောက်လှူဒါန်း

မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသည့် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် နေအိမ်များပြုပြင်နိုင်ရန်အတွက် စစ်တွေတက္ကသိုလ်၌ပညာသင်ကြားနေကြသည့် မွတ်ဆလင်ကျောင်းသား၊ ကျောင်းသူများက ငွေကျပ်(၈)သိန်းကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

23 May 2022

ဓါတ်ပုံ - ရက္ခိုင်ပြည်ကျောင်သားသမဂ္ဂ

DMG ၊ မေ ၂၃

မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသည့် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် နေအိမ်များပြုပြင်နိုင်ရန်အတွက် စစ်တွေတက္ကသိုလ်၌ပညာသင်ကြားနေကြသည့် မွတ်ဆလင်ကျောင်းသား၊ ကျောင်းသူများက ငွေကျပ်(၈)သိန်းကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်ရှိ ဒုက္ခသည်များမှာ အခက်အခဲအကျပ်အတည်းများနှင့်ကြုံနေရပြီး ယင်းအထဲတွင် မဟာမုနိစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့်ပြည်သူများမှာ ထောက်ပံ့မှုပိုမိုလိုအပ်နေသည့်အတွက် သွားရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း မွတ်ဆလင်ကျောင်းသား ကိုဇော်မင်းထွန်းကပြောသည်။

“စစ်ဘေးရှောင်တွေထဲမှာတောင် အခု မီးဘေးသင့်စစ်ဘေးရှောင်တွေက ပိုအခက်အခဲဖြစ်နေကြတဲ့အတွက် ကျနော်တို့ဖက်က တတ်နိုင်သလောက်ကူညီပေးတာပါ။ အခုချိန်မှာ ကျနော်တို့မွတ်ဆလင်ကျောင်းသားတွေအားလုံးဟာ လူမျိုးနှစ်မျိုးကြားမှာ သဟဇာတဖြစ်ဖို့ကို လိုလားနေကြတဲ့လူတွေပါ။ ဒါကြောင့် ရခိုင်ပြည်မှာနေထိုင်ကြတဲ့ လူအချင်းချင်း တစ်ဖက်ကိုတဖက်၊ တစ်ဦးကိုတစ်ဦးကူညီရမယ်ဆိုတာက ကျနော်တို့အားလုံးရဲ့ဦးနှောက်ထဲမှာရှိနေပြီးသားပါ”ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ အပြန်အလှန်ကူညီဖေးမခြင်းအားဖြင့် ရခိုင်နှင့် မွတ်ဆလင်လူမျိုးတို့ကြား သဟဇာတဖြစ်စေရေးကို အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ကိုဇော်မင်းထွန်းကဆက်ပြောသည်။

ထိုသို့ မီးဘေးသင့်စစ်ဘေးရှောင်တို့ကို လှူဒါန်းနိုင်ရေးအတွက် စစ်တွေတက္ကသိုလ်၌ပညာသင်နေသည့် ကျောင်းသားသူများက မိမိတို့အသိစိတ်စေတနာဖြင့် တတ်နိုင်သလောက်ထည့်ဝင်ကာ စစ်ဘေးရှောင်စခန်းသို့ မေလ(၂၁)ရက်နေ့တွင် သွားရောက်လှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ ဘေးအန္တရာယ်တခုခုကြောင့် ဒုက္ခရောက်နေကြသည် စစ်ဘေးရှောင်တို့အား ရခိုင်ရှိ မတူကွဲပြားသည့်လူမျိုးစုတို့က သွားရောက်အကူအညီများပေးခြင်းမှာ အချင်းချင်းသဟဇာတကျကျနှင့် ယုံကြည်နားလည်မှုများ တိုးပွားစေကြောင်းလည်း ရခိုင်ကျောင်းသားများက မှတ်ချပေးကြသည်။

“အခုလိုကူညီတာတွေက လူမျိုးနှစ်မျိုးကြားမှာ သဟဇာတကျစေတယ်။ ဒေသအတွင်းမှာလည်း လူမျိုးရေးတင်းမာမှုတွေ လျော့ကျစေတယ်။ ယုံကြည်မှုတွေလည်း အရင်ကထက်ပိုများလာကြတယ်”ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်နိုင်ဌေးက ပြောသည်။

အလားတူ ယခုကဲ့သို့ လူမျိုးဘာသာမတူသော်လည်း ဒုက္ခရောက်နေသည့် ရခိုင်ပြည်သူများအား လူသားချင်းစာနာထောက်ထားကာ လာရောက်ကူညီပေးမှုအပေါ် ဝမ်းမြောက်မိသည်ဟုလည်း မဟာမုနိစစ်ဘေးရှောင်စခန်းမှ ပြန်ကြားရေးတာဝန်ခံ ကိုသန်းထွန်းကပြောသည်။

“ကျနော်တို့ဆီကို အကြောင်းကြားထားတာမရှိဘဲ ရုတ်တရက်ရောက်လာပြီး လှူသွားကြတာ။ လူမျိုး၊ဘာသာမတူပေမယ့် ရခိုင်ပြည်မှာအတူနေပြီး ရခိုင်မှာဖြစ်နေတဲ့အရေးကို အခုလိုဝိုင်းဝန်းပြီး လုပ်ဆောင်ပေးနေတာကိုမြင်လာရတော့ အရင်ကမခံစားဖူးခဲ့တဲ့ ပီတိခံစားချက်မျိုးတွေတော့ ဖြစ်မိတယ်။ အရမ်းဝမ်းသာတယ်”ဟု ၎င်းကဆိုသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းတွင် မေလ(၉)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့မှုကြောင့် နေအိမ်စုစုပေါင်း (၄၃၂)ဆောင်ရှိသည့်အနက် (၂၆၂)ဆောင်မှာမီးလောင်ပျက်စီးသွားခဲ့ပြီး မီးဘေသင့်စစ်ဘေးရှောင် (၁၀၇၃)ဦးမှာ အကူအညီလိုအပ်လျှက်ရှိနေကြသည်။