မီးလောင်မှုကြောင့် အိမ်များဆုံးရှုံးသွားသည့် ကျောက်တော်ကစစ်ဘေးရှောင်များ အရေးပေါ်အကူအညီလိုအပ်

ကျောက်တော်မြို့၊ မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့(မေလ ၉ ရက်) နံနက် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၂၆၂ ဆောင် ပျက်စီးဆုံးရှုံးသွားခဲ့သဖြင့် အိမ်ခြေမဲ့ဖြစ်နေကြသည့် စစ်ဘေးရှောင်များမှာ အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု သိရသည်။

09 May 2022

မီးလောင်ပျက်စီးသွားသည့် မဟာမုနိစစ်ဘေးရှောင်စခန်း (ဓာတ်ပုံ-ကျော်လှမြင့်)

DMG ၊ မေ ၉

ကျောက်တော်မြို့၊ မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့(မေလ ၉ ရက်) နံနက် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၂၆၂ ဆောင် ပျက်စီးဆုံးရှုံးသွားခဲ့သဖြင့် အိမ်ခြေမဲ့ဖြစ်နေကြသည့် စစ်ဘေးရှောင်များမှာ အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့ကို ကျောက်တော်မြို့၊ မီးရထားဘူတာရုံနှင့် စာသင်ကျောင်းတစ်ကျောင်းများတွင် နေရာချပေးထားသည်။ ထိုကဲ့သို့ မီးလောင်ကျွမ်းခဲ့မှုကြောင့် စစ်ဘေးဒုက္ခသည်များမှာ စားနပ်ရိက္ခာများ၊ အဝတ်အထည်များနှင့် နေရာထိုင်ခင်းများအတွက် အခက်အခဲရှိနေသည်ဟု မဟာမုနိစစ်ဘေးရှောင်စခန်း ဥက္ကဋ္ဌ ကိုသန်းဌေးက DMG ကိုပြောသည်။

“စားရေးသောက်ရေး အဓိကအခက်အခဲနဲ့ကြုံတွေ့ရပါတယ်။ ရိက္ခာထုတ်ပေးထားတာတွေလည်း မီးထဲပါသွားတယ်။ အိုးတွေခွက်တွေလည်း ပါတဲ့သူပါသွားတယ်။ ရတဲ့လူတွေလည်း ရလိုက်ကြတယ်။ နေဖို့ထိုင်ဖို့ကတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းထဲက စာသင်ကျောင်းနဲ့ ရထားဘူတာဟောင်းမှာ  နေရာချပေးထားပါတယ်။

စားဝတ်နေရေးအတွက် အကူအညီတွေလိုနေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အရင်လိုတန်းလျားတွေ မိုးမကျခင်ဆောက်ပေးပြီး နေရာအနေအထားကျအောင်တော့ လိုလားနေကြပါတယ်” ဟု သူကပြောသည်။

ထို့အပြင် စစ်ဘေးရှောင်တစ်ချို့မှာလည်း မီးလောင်သွားသည့်နေအိမ်မှ လူသုံးကုန်ပစ္စည်းများ မယူလိုက်ရသည့်အတွက် အခက်အခဲရှိသည်ဟု စစ်ဘေးရှောင် မဖြူဖြူဝင်းက DMG ကိုပြောသည်။

“နေရာချပေးထားတဲ့စာသင်ကျောင်းမှာလည်း မိုးယိုပြီး စွတ်စွတ်စိုစိုနဲ့နေကြရတာပါပဲ။ ဘူတာထဲမှာ ရတဲ့နေရာမှာဝင်ပြီး နေကြရတာပါပဲ။ မိုးကလည်းရွာနေတယ်၊ နေရာလည်းမရှိ။ စားရသောက်ရတာတွေလည်း အခက်အခဲရှိတယ်။ ဒီပုံစံအတိုင်း ဘယ်လောက်ကြာကြာနေရမလဲဆိုတာကိုလည်း စိတ်ပူနေကြပါတယ်။ ခုလောလောဆယ်မှာတော့ တစ်ခုမှမရှိဘူး။ စိတ်ညစ်ပြီးထိုင်နေကြပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါစစ်ဘေးရှောင်များကို ကူညီနိုင်ရန်အတွက် ပြည်တွင်း NGO အဖွဲ့အစည်းများနှင့်ချိတ်ဆက်နေပြီး ချက်ချင်းအကူအညီပေးနိုင်ရေးအတွက် အတတ်နိုင်ဆုံးစီစဉ်နေသည်ဟု လူမှုရေးကယ်ဆယ်ရေး ဆောင်ရွက်နေသူ စာရေးဆရာကိုဝေဟင်အောင်က ပြောသည်။

“လတ်တလော ဖြေရှင်းရမယ့်ပြဿနာနဲ့ ရေရှည်ဖြေရှင်းရမယ့်ပြဿနာဆိုပြီး နှစ်ခုရှိလိမ့်မေ။ လတ်တလော ဖြေရှင်းချက်ကတော့ သူတို့တွေ စားရေးသောက်ရေးအဆင်ပြေပြေ တစ်စုံတစ်ရာဖြစ်နိုင်ဖို့အတွက် ယာယီကိစ္စတွေမှာတော့ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်ပေးနေကြပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်နယ်စစ်ကောင်စီမှ လူတစ်ဦးစီလျှင် ဆန်၊ဆီ၊ဆား၊ငပိများ တစ်ပတ်စာထောက်ပံ့ပေးထားပြီး တာပေါ်လင်များကိုလည်း ထောက်ပံ့ပေးထားသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင်‌ရေးထားသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေစုစုပေါင်း တစ်ထောင်ကျော်ခန့် ခိုလှုံနေကြသည်။ ၎င်းတို့မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခပြင်းထန်ချိန်ကာလက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်ကြသည်။

မဟာမုနိစစ်ဘေးရှောင်စခန်းတွင် မီးလောင်ရခြင်းမှာ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းကာ ပတ်ဝန်းကျင်နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။