- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မြောက်ပိုင်းတွင် ယခုနှစ်မိုးနည်း၍ လယ်သမားများအခက်ကြုံ (သတင်းရှည်)
ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များတွင် ယခုနှစ်မိုးရွာသွန်းမှုနည်းပါးသည့်အတွက် စပါးစိုက်ပျိုးရာ၌ အခက်အခဲဖြစ်ပေါ်နေရကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။
26 Jul 2022
DMG ၊ ဇူလိုင် ၂၆
ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များတွင် ယခုနှစ်မိုးရွာသွန်းမှုနည်းပါးသည့်အတွက် စပါးစိုက်ပျိုးရာ၌ အခက်အခဲဖြစ်ပေါ်နေရကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။
မိုးနည်း၍ ထွက်ယက်ထားသည့်လယ်ကွက်များမှာ ပြန်လည်ခြောက်သွေ့ကာ ကြဲပတ်ထားသည့် စပါးပင်တချို့မှာလည်း အဝါရောင်များသန်းကာ ညှိုးနွမ်းနေသည်ဟု မြောက်ဦးမြို့နယ် သပြေကန်ကျေးရွာမှ တောင်သူ ဦးတင်အောင်ကပြောသည်။
“ဒီမှာတော့ မိုးမရွာတာက တစ်လကျော်လောက်ရှိပြီ။ ရွာရင်လည်း ခဏလေးပဲ ဘာမှလုပ်လို့မရဘူး။ နဂိုကမှ လယ်သမားတွေဟာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာ။ ဒီကြားထဲမှာ အခုလို မိုးခေါင်နေသေးတယ်ဆိုတော့ ကျနော်တို့ အခက်အခဲကိုတွေးကြည့်ပေါ့ဗျာ”ဟု ဦးတင်အောင်ကဆိုသည်။
အလားတူ မင်းပြားမြို့နယ်တွင်လည်း မိုးရွာသွန်းမှုနည်းသဖြင့် လယ်ကွင်းထဲတွင် မြေများခြောက်သွေ့လာကာ ပြန်လည်ထွန်ယက်ခြင်း၊ ချောင်းမြောင်းများမှရေကို ရေစုပ်စက်ဖြင့်တင်၍ အသုံးပြုနေရခြင်းကြောင့် ကုန်ကျစရိတ်ပိုများကြောင်း တောင်သူများကပြောသည်။
မင်းပြားမြို့နယ် ပြားချောင်း(စံပြ)ကျေးရွာမှ တောင်သူ ဦးရွှေမြသာက “ဒီမှာလည်းပဲ အခြေအနေက တော်တော်ဆိုးပါတယ်။ လုံးဝကိုလုပ်လို့မရတာ နွေရာသီလိုဖြစ်နေတယ်။ မိုးအဝင် ကာလတုန်းက ထွန်ထားတဲ့လယ်တွေက မြေသားတွေပြန်မာကုန်ပြီ။ အဲဒီထွန်ယက်ပြီးသားလယ်ကို အခုမိုးနည်းနည်းရွာရင် နည်းနည်း ပြန်ထွန်နေရတာဆိုတော့ ငွေကုန်ကြေးကျပိုများရတာပေါ့”ဟု ပြောသည်။
မောင်တောမြို့နယ်တွင်လည်း မိုးနည်းသည့်ဒဏ်ကိုကြုံတွေ့ရသဖြင့် စပါးစိုက်ရာတွင် အရှုံးပေါ်မည်ကို တောင်သူလယ်သမားများက စိုးရိမ်နေကြသည်။
“ဒီမှာလည်းပဲ အလားတူပါပဲ။ ဝါဆိုလ တစ်လလုံးက မိုးမရွာတဲ့ ရက်တွေကများပါတယ်။ နဂိုကမှ တောဆင်ရိုင်းတွေကို စိုးရိမ်ရပါတယ်ဆိုမှ အချိန်မီစိုက်ပျိုးခွင့်မရတော့ ကျနော်တို့အတွက် ပိုပြီးအခက်ခဲဖြစ်ရတာပေါ့”ဟု မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာမှ လယ်သမား ဦစိုးသန်းဝင်းကပြောသည်။
မိုးနည်းပါးမှုကြောင့် ရခိုင်မြောက်ပိုင်းမှလယ်သမားများမှာ ပုံမှန်ထက် လုပ်အားနှင့် ငွေအားကို စိုက်ထုတ်နေကြရပြီး ဇူလိုင်လကုန်ပိုင်းထိ လုံလောက်သည့်မိုးရေမရရှိခဲ့ပါက စပါးအထွက်နှုန်းကျဆင်းမည်ကိုစိုးရိမ်ရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်မြကပြောသည်။
“ပုံမှန်ဆိုရင် ဒီဝါဆိုလအတွင်းမှာ အကုန်စိုက်ပျိုးပြီးတဲ့အချိန်ကို ရောက်သွားပြီ။ အခုက ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတယ်။ ကျောက်တော် ကားလမ်းတောက်လျှောက်ကနေ မင်းပြားရောက်တဲ့အထိ ကြားမှာရှိတဲ့ လယ်ယာမြေတွေအားလုံးဟာ ဒီအခြေအနေလို့ပြောလို့ရတယ်”ဟု ဦးအောင်ကျော်မြကဆိုသည်။
ထိုသို့ ရခိုင်မြောက်ပိုင်းတွင် မိုးရွာသန်းမှုနည်းပါးခြင်း၊ မိုးရေချိန်ရရှိမှု နည်းပါးခြင်းတို့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ဝင်ရောက်မှုအပေါ်မူတည်ပြီး မိုးအလယ်ကာလအထိ မိုးအားနည်းခြင်းကို တွေ့ကြုံရနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကိုပြောသည်။
“ဘင်္ဂလားပယ်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဒီဖက်နဲ့ဝေးပြီး အိန္ဒိယကမ်းခြေဖက်မှာ သွားဖြစ်နေတဲ့အခါကျတော့ ဒီရက်ပိုင်းအတွင်းမှာ မိုးရွာသွန်းမှုအားနည်းနေမယ်။ ပုံမှန်မဟုတ်ဘူးပေါ့လေ။ အထူးသဖြင့် ဒီမြောက်ပိုင်းဒေသတွေမှာ မိုးအလယ်ကာလအထိ မိုးရွာသွန်းမှုကညံ့နိုင်တယ်”ဟု ၎င်းကဆိုသည်။
ရခိုင်တွင် ယခုနှစ် မုတ်သုန်လေဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်ကထက်ပို၍ စောဝင်ခဲ့သော်လည်း မိုးရွာသန်းမှုနှုန်းနှင့် မိုးရေချိန်ရရှိမှုမှာ ပြီးခဲ့သည့်နှစ်ထက် နည်းနေသေးကြောင်း ဦးလှထွန်းကဆက်ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မေလ ၃၁ ရက်နေ့တွင် မုတ်သုန်လေ စတင်ဝင်ရောက်ခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် မေလ ၂၅ ရက်နေ့မှစ၍ မုတ်သုန်လေဝင်ရောက်ခဲ့သည်။
သို့သော် မိုးရေချိန်ရရှိမှုမှာ ပြီးခဲ့သည့်နှစ်က ယခုအချိန်တွင် မောင်တောမြို့၌ မီလီမီတာ ၁၉၀၀ ကျော်ရှိပြီး ယခုနှစ်တွင် မီလီမီတာ ၁၄၀၀ ကျော်သာရှိသေးသည်။ အလားတူ မြောက်ဦးမြို့၌ ယခင်နှစ်က မီလီမီတာ ၁၀၀၀ ကျော်ရှိပြီး ယခုနှစ်တွင်
မီလီမီတာ ၉၀၀ ကျော်သာရှိနေသေးကြောင်း သိရသည်။
ယင်းသို့ မိုးရွာသွန်းမှုနည်းပါးခြင်းနှင့် မိုးရေချိန်ရရှိမှုနည်းပါးခြင်းတို့မှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့် သက်ဆိုင်နေကာ နိုင်ငံအတွင်း သစ်တောပြုန်းတီမှုနှင့်လည်းစပ်ဆက်နေသည်ဟု သဘာဝပတ်ဝန်းကျင်လထိန်းသိမ်းစောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးဦးသန်းမြင့်က DMG ကိုပြောသည်။
“ပြောရမယ်ဆိုရင် ရာသီဥတုပြောင်းလဲလာမှုနဲ့ ဆိုင်ပါတယ်။ ဒီမှာက ရခိုင်မြောက်ပိုင်းရဲ့ သစ်တောဖုံးလွှမ်းမှုထက် တောင်ပိုင်းရဲ့သစ်တောဖုံးလွှမ်းမှုက ပိုများတယ်။ ကွာခြားချက်ကတော့ သစ်တောဖုံးလွှမ်းမှု ပိုရှိတဲ့နေရာမှာ မိုးအားကောင်းပြီး နည်းတဲ့နေရာမှာ မိုးအားနည်းတဲ့သဘောပေါ့”ဟု ဦးဦးသန်းမြင့်ကပြောသည်။
မိုးရွာသွန်းမှုနည်းပါးခြင်းမှာ နောင်နှစ်များတွင်လည်း ယခုထက် ဆိုးရွားဖွယ်ကြုံတွေ့ရနိုင်ပြီး သစ်တောဖုံးလွှမ်းရေးအတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်သင့်ကြောင်း ဦးဦးသန်းမြင့်ကဆက်ပြောသည်။
“ရေရှည်အတွက် ခန့်မှန်းပြောရရင် ဒီထက်ပိုးဆိုးလာနိုင်တာပဲရှိတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် သစ်ပင်အသစ်တွေ စိုက်ပျိုးနေရုံနဲ့မရဘူး။ အပင်တစ်ပင်ကြီးထွားဖိုအတွက် နှစ် ၂၀- ၃၀ စောင့်ရတယ်။ ဒါကြောင့် အပင်ကြီးတွေကို ထိန်းသိမ်းလိုက်သောအားဖြင့် နှစ်တွေအကြာကြီး စောင့်နေစရာမလိုတော့ဘဲ ဒီဒဏ်တွေကို ကာကွယ်နိုင်မယ်”ဟု ၎င်းကဆိုသည်။
ရခိုင်တွင် တပြည်လုံးအတိုင်းအတာဖြင့် စပါးစိုက်ဧကပေါင်း ၁၂ သိန်းကျော်ရှိကာ မြောက်ပိုင်းမြို့နယ်များတွင် ဧက ၈ သိန်းနှင့် တောင်ပိုင်း၊ အလယ်ပိုင်းဒေသတွင် ၄ သိန်းဝန်းကျင်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအချက်အလက်မှ သိရသည်။