ရုပ်ရှင် သရုပ်ဆောင် နေတိုး ရခိုင်သူနှင့် လက်ထပ်ခြင်းအပေါ် ရခိုင်ပရိတ်သတ်တို့ ဝမ်းသာနေကြ

မာန်အောင်ဇာတိဖြစ်သည့် နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ နေတိုး (ခ) နေလင်းအောင်သည် မာန်အောင်မြို့ ဇာတိဖြစ်သူ သဲစုမြတ်ရွှေနှင့် လက်ထပ်မှုအပေါ် ရခိုင်အနုပညာရှင်တို့နှင့် ရခိုင်ပြည်မှ ပရိတ်သတ်တို့ ဝမ်းသာနေကြကြောင်း သိရသည်။

05 Feb 2022

 ရုပ်ရှင်သရုပ်ဆောင် နေတိုး မင်္ဂလာဆောင်အခမ်းအနား။ (ဓါတ်ပုံ - ညီမင်းခိုင်)

DMG ၊ ဖေဖော်ဝါရီ ၅

မာန်အောင်ဇာတိဖြစ်သည့် နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ နေတိုး (ခ) နေလင်းအောင်သည် မာန်အောင်မြို့ ဇာတိဖြစ်သူ သဲစုမြတ်ရွှေနှင့် လက်ထပ်မှုအပေါ် ရခိုင်အနုပညာရှင်တို့နှင့် ရခိုင်ပြည်မှ ပရိတ်သတ်တို့ ဝမ်းသာနေကြကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား နာမည်ကြီး အဆိုတော်ဝင်းကိုခိုင်က “ ရခိုင်သားနှင့် ရခိုင်သူ ကိုယ့်ရခိုင်အချင်းချင်းဆိုတော့ ဝမ်းသာတယ်။ မဟုတ်ရင်တည့်တည့်မကျဘူးလေ၊ ရခိုင်မှာ ယူလိုက်ရင်အားလုံးတလွဲကြီးပဲ ” ဟု DMG သို့ ပြောသည်။

နေတိုးနှင့် မသဲစုမြတ်ရွှေတို့သည် ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက်တွင် ရန်ကုန်၊ သာကေတမြို့နယ် မြခွာညိုအိမ်ရာရှိ နေတိုး၏ နေအိမ်တွင် ရခိုင်ရိုးရာ အပြင်အဆင်များဖြင့် မင်္ဂလာဆောင် လက်မှတ်ရေးထိုး လိုက်ကြခြင်းဖြစ်ပြီး မင်္ဂလာ ဦးဆွမ်းကျွေးပွဲကိုလည်း တပြိုင်နက်တည်းပြုလုပ်ခဲ့သည်ဟု ပွဲတက်ရောက်ခဲ့သူများထံမှ သိရသည်။

ယင်းပွဲသို့ သရုပ်ဆောင် နေထက်လင်း၊ အဆိုတော်ဝင်းကိုခိုင်၊ ညီမင်းခိုင်အ ပါအဝင် အခြားအနုပညာရှင် အချို့နှင့် ၎င်း၏ ဆွေမျိုးအသိုင်းအဝိုင်းများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

နေတိုး ပရိသတ်တစ်ဦးဖြစ်သူ ရမ်းဗြဲမြို့မှ ကိုသန်းနိုင်စိုးက ယခုကဲ့ ရခိုင်အမျိုး သမီးကို လက်ထပ်ထိမ်းမြားသည့် အတွက် နေတိုး၏ စိတ်နေစိတ်ထားများကို ဂုဏ်ယူမိကြောင်း DMG သို့ပြောသည်။

“ ကောင်းတာပေါ့၊ ပျော်ပါတယ်၊ ကိုယ့် ရခိုင်သူကို ယူတဲ့ ယောကျ်ားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဂုဏ်ယူတယ် ” ဟု ကိုသန်းစိုးနိုင်က ပြောသည်။

အလားတူ နေတိုး ပရိတ်သတ် စစ်တွေ ရေချမ်းပြင်မှ မတင်တင်လှိုင်က “ ရခိုင်လူမျိုးကို လက်ထပ်တဲ့ အတွက် ဝမ်းသာတယ်။ ပီတိလည်းဖြစ်တယ်။ မိန်းမရသွားပြီ ဖြစ်တဲ့ အတွက်ကြောင့် အရင်ကလို လူပျိုမဟုတ်တော့တဲ့အတွက် ခံတော့ ခံစားရတယ် ” ဟု သူက ပြောသည်။

ယင်းအပြင် ယခုလက်ထပ်လိုက်သူမှာ မာန်အောင်သူဖြစ်သည့်အတွက် မာန်အောင်မှပရိတ်သတ်တို့လည်း ပျော်ရွှင်နေကြကြောင်း သိရသည်။

“ကိုယ့်မာန်အောင်က အမျိုး သမီးတစ်ယောက်ကို ယူမယ်လို့ မထင်ထားဘူး။ လတ်တလော သတင်း တက်လာတဲ့ အချိန်မှာ ကြည့်လိုက်တော့ မာန်အောင်က ဖြစ်နေတယ်။ စိတ်ထဲမှာ တော့လုံးဝ ပီတိ လည်းဖြစ်တယ်။ ရခိုင်အတွက် လုံးဝ ဂုဏ်လည်းယူတယ်။ လက်ထပ်ဖို့ဆိုခါမှ ယူတဲ့ သူက ဘယ်နားကလဲ မေးလိုက်တော့ သူနဲ့ အကိုနေတိုးနဲ့က အိမ်နီးနားချင်းတွေလို့ သိတော့ ပိုဝမ်းသာ အံဩသွားတယ် ” ဟု မာန်အောင်မြို့သား ကိုသားကြီးက DMG သို့ပြောသည်။

ရုပ်ရှင်သရုပ်ဆောင်နေတိုးသည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ၂၀၀၉ ခုနှစ်က မိုးညအိပ်မက်မြူဇာတ်ကား၊ ၂၀၁၅ ခုနှစ်က နက္ခတ်မှားတဲ့တိုက်ပွဲ ဇာတ်ကားနှင့် ၂၀၁၇ တွင် တာတေကြီး ဇာတ်ကားတို့ဖြင့် ၃ ဆုရရှိထားသူဖြစ်သည်။