ရခိုင်ဆားလုပ်ငန်းတိုးတက်ရေးအတွက် ချေးငွေလိုအပ်နေကြောင်း လုပ်ငန်းရှင်များပြော

ရခိုင်ဒေသထွက်ဆားများ အရည်အသွေးကောင်းလာစေရန်နှင့် လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အထောက်အပံ့အကူအညီများလိုအပ်နေကြောင်း ဆားလုပ်ငန်းရှင်များကပြောသည်။

19 Mar 2022

DMG ၊ မတ် ၁၉

ရခိုင်ဒေသထွက်ဆားများ အရည်အသွေးကောင်းလာစေရန်နှင့် လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အထောက်အပံ့အကူအညီများလိုအပ်နေကြောင်း ဆားလုပ်ငန်းရှင်များကပြောသည်။

ရခိုင်ဒေသထွက်ဆား အရည်အသွေးကောင်းလာရန် နေလှန်းရာတွင် ပလက်စတစ်အခင်းများအသုံးပြုရမှု၊ ဆားသိုလှောင်ရန် အဆောက်အဦများဆောက်လုပ်မှုနှင့် တခြားသော အထွေထွေအရင်းအနှီးများအတွက် ငွေကြေးအထောက်အပံ့ရရှိစေရန် အစိုးရဆီမှ အကူအညီများကို မျှော်လင့်နေကြသည်။

“ဆားလုပ်ငန်းလုပ်ကိုင်တဲ့သူတွေအတွက် ချေးငွေက အသက်သွေးကြော စီးပွားတစ်ခုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဂိုဒေါင်ဆောက်ဖို့လိုတယ်။ ဆားထွက်လာရင် တည်ငြိမ်တဲ့ ဈေးတစ်ခုရအောင် ဂိုဒေါင်မှာသွင်းထားဖို့လိုတယ်။ နောက်ပြီးတော့ လုပ်သားခတွေရှင်းရမယ်။ ဒီဇယ်ဆီတွေကို အတက်မရှိ ရအောင်ကြိုဝယ်ထားရမယ်။ အဲဒါတွေအတွက် အရမ်းအရေးပါတယ်”ဟု ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက DMG သို့ပြောသည်။

လက်ရှိတွင် ဆားအရည်အသွေးကောင်းမွန်စေရန် ဆားကွင်းပြုလုပ်ရာ၌အသုံးပြုရသော ပလက်စတစ်အခင်းတစ်လိပ်လျှင် ငွေကျပ် ၁ သိန်းကျော်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။

“ဆားအရည်အသွေးကောင်းလာဖို့အတွက် ရွံ့မပါအောင် ပလက်စတစ်အခင်းနဲ့နေလှန်းဖို့လိုတယ်။ ဒါကြောင့် ဆားလုပ်ငန်းရှင်တွေက ပလက်စတစ်အခင်းဝယ်ဖို့အတွက် အစိုးရဆီကက ချေးငွေတောင်းကြတာ။ ကုန်ကြမ်းမကောင်းလို့ ကုန်ချောမကောင်းတာ။ ကုန်ကြမ်းကောင်းဖို့အတွက် ပလက်စတစ်နဲ့ခင်းပြီးထုတ်ရမယ်။ ကုန်ကြမ်းကောင်းမှ ဆားချောထုတ်လို့ရမယ်”ဟု ဦးသန်းဝင်းက ရှင်းပြသည်။

လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်မှု၊ လုပ်အားခနှင့် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုတို့ရှိနေသော်လည်း ဆားဈေးကွက်မှာ ဈေးနှုန်းနိမ့်ဆင်းနေသည့်အတွက် အရည်အသွေးမီဆားများထုတ်လုပ်နိုင်ရေးအတွက် အကူအညီများလိုအပ်နေသည်ဟု ကျောက်ဖြူမြို့နယ်၊ ဂန့်ဂါကျေးရွာမှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဂန့်ဂါကျေးရွာမှ နှစ်ပေါင်းနှစ်ဆယ်ကျော် ဆားလုပ်ငန်းလုပ်ကိုင်နေသူ ဦးတင်လှိုင်က “ဆားလုပ်ငန်းရှင်တွေ ပြည်နယ်အစိုးရကို ချေးငွေရဖို့အတွက်တင်ပြခဲ့တယ်။ ဒါပေမယ့် ပြည်နယ်အစိုးရက အခုချိန်ထိ ပံ့ပိုးတာတွေမရှိသေးဘူး။ ပြည်နယ်အစိုးရက ဆားလုပ်ငန်းတွေကို ဆားချေးငွေပေးထားရင် ကျနော်တို့အခုထွက်လာတဲ့ဆားကို အဆမတန်ဈေးနှိမ်ပြီး ဝယ်တဲ့သူတွေကိုမရောင်းပဲ ထိန်းထားလို့ရတယ်။ ဆားတောင်သူတွေလက်ထဲမှာ ငွေရှိရင် ဆားကိုဈေးအနိမ့်နဲ့မရောင်းတော့ဘူး။ ဒါကြောင့် ဆားတောင်သူတွေကို ချေးငွေထုတ်ပေးစေချင်တယ်”ဟု ပြောသည်။

ထို့သို့ချေးငွေရရှိရန်အတွက် ယခုနှစ် ဇန်နဝါရီလက ရခိုင်ပြည်ဆားလုပ်ငန်းရှင်များအသင်းနှင့် ဆားတောင်သူများက ပြည်နယ်အစိုးရထံသို့ တင်ပြတောင်းဆိုခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း ရခိုင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူထံမှ သိရသည်။

“ရခိုင်ပြည်အစိုးရအဖွဲ့မှာ ရခိုင်ပြည်ဆားလုပ်ငန်းရှင်များ အသင်းနဲ့ပူးပေါင်းပြီး ချေးငွေရရှိဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အစိုးရကလည်း ချေးပေးဖို့ ပိုလျှံတဲ့ရန်ပုံငွေမရှိဘူးလို့ ကျနော်တို့ကိုအကြောင်းပြန်လာတယ်။ ဘယ်အသင်းအဖွဲ့ကိုမဆိုချေးဖို့အတွက် ရခိုင်ပြည်အစိုးရအနေနဲ့ ပိုလျှံတဲ့ငွေမရှိဘူးဆိုပြီးအကြောင်းပြန်ပါတယ်”ဟု ရခိုင်ပြည်နယ် သတ္တုတွင်း ဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲမှ ပြည်နယ်မှူး ဦးသန်းမြင့်က DMG ကိုပြောသည်။

ယင်းအပြင် ဆားလုပ်ငန်းရှင်များကို အစိုးရက ဘဏ်စနစ်နှင့် ငွေချေးမည်ဟု ချိတ်ဆက်ခဲ့သော်လည်း ဆားလုပ်ငန်းရှင်များမှာ ဘဏ်စနစ်ဖြင့်ချေးယူရန် အဆင်မပြေကြကြောင်းလည်း ဦးသန်းမြင့်ကဆိုသည်။

“ဆားတောင်သူတစ်ဦးကို သိန်း ၁၀၀၊ သိန်း ၂၀၀ မဟုတ်ပါဘူး။ ဥပမာ- ကျပ်သိန်း ၁၀၊ ကျပ်သိန်း ၂၀ လောက်ပါပဲ။ ဆားလုပ်ငန်းရှင်တွေတောင်းဆိုချက်နဲ့အတူပူးတွဲပြီး တင်ပြတောင်းဆိုခဲ့တာပါ။ ဘဏ်နဲ့ချေးမယ်ဆိုပြီး ချိတ်ဆက်တယ်။ ဘဏ်နဲ့ချေးမယ်ဆိုရင် ဆားကွင်းလုပ်တဲ့သူတွေက နယ်တွေမှာပဲရှိတာလေ။ မြို့ပေါ်မှာ မရှိဘူးလေ။ ဒါကြောင့် ဆားတောင်သူတွေမှာ အာမခံပေးဖို့က အခက်အခဲတွေရှိတယ်”ဟု ဦးသန်းမြင့်ကဆိုသည်။

ရခိုင်ဒေသတွင် ဆားကွင်းတစ်ဧကနေလှန်းရန် ပျမ်းမျှအားဖြင့် ၆ သိန်းကျပ်ကုန်ကျနိုင်ပြီး လက်ရှိ ရခိုင်မှထုတ်လုပ်သည့် နေလှန်းဆားကြမ်းတစ်ပိဿကို ၁၀၀ ကျပ်မှ ၁၅၀ ကျပ်ရှိခဲ့ရာမှ ယခုချိန်တွင် ဆားကြမ်းတစ်ပိဿကို ၁၀၀ ကျပ်သာရရှိကြောင်းလည်း ဆားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ရခိုင်တွင် ဆားလုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင် ၇၀ ဦးခန့်သာရှိပြီး ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်က ဆားလုပ်ငန်းလုပ်ကိုင်သူများကို ငွေကြေးအထောက်အပံ့များရှိခဲ့သော်လည်း NLD အစိုးအရလက်ထက်မှစ၍ ယနေ့အထိ တစ်စုံတစ်ရာ အထောက်အပံ့မရရှိတော့ကြောင်းလည်း ဆားလုပ်ငန်းရှင်တို့၏ပြောကြားချက်အရ သိရသည်။