- ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ၍ အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးလေးဦး ဒဏ်ရာရ
- ထိုင်းရောက် မြန်မာလုပ်သားများ အထောက်အထား သက်တမ်းတိုးရန် ခက်ခဲနေ
- တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား
- စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂွမြို့တွင်းနေအိမ်များ မီးလောင်
- တရုတ်နဲ့ AA ဆွေးနွေးမှု ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်သလဲ
တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား
နိုဝင်ဘာ ၂၄ ရက်တွင် AA က တောင်ကုတ်မြို့ကို ထိန်းချုပ်ပြီးနောက် စကခ (၅) ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်ခဲ့သည်။ တိုက်ပွဲပြင်းထန်နေချိန် ဒီဇင်ဘာလပထမပတ်တွင် ဗိုလ်မှူးချုပ် ကောင်းမြတ်နှင့် အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။
17 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၇
ရခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) ကို ကွပ်ကဲနေသည့် ဗိုလ်မှူးချုပ် ကောင်းမြတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သည် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ကာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
အာရက္ခတပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုပြီး မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် အကျဉ်းသားများ ၃၀ ခန့်ကို ခေါ်ဆောင်ကာ ရခိုင်ရိုးမတောင်တန်းကိုဖြတ်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။
AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “၁၇(၁) ပုဒ်မနဲ့ တရားရင်ဆိုင်နေတဲ့ အကျဉ်းသားတွေကို လူသားဒိုင်အဖြစ် ဖမ်းဆီးပြီးထွက်ပြေးသွားတယ်။ တောင်ကုတ် ကျောက်တံခါးရွာဖက်က ရခိုင်ရိုးမတောင်ကို ဖြတ်ပြီးတော့ ထွက်ပြေးသွားတယ်လို့ သိရတယ်” ဟု ပြောသည်။
AA က တောင်ကုတ်မြို့ကို AA က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသားများကို စကခ (၅) ဌာနချုပ်သို့ ပို့ဆောင်ခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်တွင် AA က တောင်ကုတ်မြို့ကို ထိန်းချုပ်ပြီးနောက် စကခ (၅) ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်ခဲ့သည်။ တိုက်ပွဲပြင်းထန်နေချိန် ဒီဇင်ဘာလပထမပတ်တွင် ဗိုလ်မှူးချုပ် ကောင်းမြတ်နှင့် အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။
တရားစွဲခံထားရသူနှင့် နီးစပ်သူတစ်ဦးက “စကခ(၅) တိုက်ပွဲအတွင်း သေဆုံးသူတွေလည်း ရှိတယ်လို့ သိရတယ်။ တချို့ကိုတော့ လူသားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်။ ကျနော့် သူငယ်ချင်းလည်း အသက်ရှင်နေလား၊ သေသွားပြီလားဆိုတာ အခုထိ မသိရသေးဘူး” ဟု ပြောသည်။
စကခ (၅) ကို ဒီဇင်ဘာ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်ကာ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီး လွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံတိုက်ခိုက်နေကြောင်း AA ပြောခွင့်ရသူဦးခိုင်သုခက ပြောဆိုထားသည်။