- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် စားအုန်းဆီဈေးနှုန်း စစ်ကောင်စီ၏ ရည်ညွှန်းဈေးထက် နှစ်ဆနီးပါးမြင့်တက်နေ
ရခိုင်ပြည်တွင် စားအုန်းဆီဈေးနှုန်းမှာ စစ်ကောင်စီလက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းထက် နှစ်ဆခန့် မြင့်တက်လျှက်ရှိကြောင်း စားအုန်းဆီလုပ်ငန်းရှင်များထံမှ သိရသည်။
28 Jul 2022
DMG ၊ ဇူလိုင် ၂၈
ရခိုင်ပြည်တွင် စားအုန်းဆီဈေးနှုန်းမှာ စစ်ကောင်စီလက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းထက် နှစ်ဆခန့် မြင့်တက်လျှက်ရှိကြောင်း စားအုန်းဆီလုပ်ငန်းရှင်များထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွင်း စားအုန်းဆီတစ်ပိဿာလျှင် ၃၆၆၅ ကျပ်နှုန်းထားဖြင့် လက်ကားရောင်းဝယ်ရမည်ဟု ညွှန်ကြားချက်ထုတ်ထားသော်လည်း ရခိုင်တွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ နှင့်အထက် ပေါက်ဈေးရှိနေကြောင်း လုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။
ရခိုင်မှ စားအုန်းဆီ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လိုအပ်သည့် စားအုန်းဆီများကို ရန်ကုန်ပွဲရုံများမှ တစ်ဆင့်ခံဝယ်ယူကြရပြီး ထိုသို့ဝယ်ယူရာတွင်လည်း လိုအပ်သည့်ပမာဏကို မရရှိခြင်းနှင့် သတ်မှတ်ထားသည့် ဈေးနှုန်းထက်ပို၍ ပေးဝယ်ရခြင်းများ ရှိနေကြောင်း ဆီလုပ်ငန်းလုပ်ကိုင်သူများကပြောသည်။
လက်ရှိတွင် ရန်ကုန်ဆီပွဲရုံများမှ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀ ခန့်ဖြင့် ဝယ်ယူနေရပြီး တစ်ခါတစ်ရံ ဆီပြတ်လပ်သည်ဟုဆိုကာ ဝယ်ယူ၍မရရှိကြောင်းလည်း ဆီလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
“သူတို့က ဟိုဈေးသတ်မှတ်တယ်။ ဒီဈေးသတ်မှတ်တယ်ဆိုတာက စာရွက်ပေါ်နဲ့ ပါးစပ်ဖျားပေါ်ပဲရှိတယ်။ အပြင်မှကျတော့ ဘာမှ ထိထိရောက်ရောက်မလုပ်နိုင်ကြဘူး။ ရန်ကုန်မှာရှိတဲ့ ပွဲရုံကပြောတဲ့ ဈေးအတိုင်းပဲ ကျွန်တော်တို့မှာဝယ်နေကြရတယ်”ဟု ရခိုင်က ဆီလုပ်ငန်းရှင် ဦးလှမောင်သိန်းကဆိုသည်။
စားအုန်းဆီများကို သိုလှောင်ထားခြင်း၊ ဈေးကစားခြင်းများ ပြုလုပ်ပါက တိုင်ကြားနိုင်ကြောင်းနှင့် မိမိတို့အနေဖြင့်လည်း ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်ချိုက DMG ကိုပြောဆိုထားသည်။
“ဘယ်သူမဆို သတ်မှတ်ထားတဲ့ဈေးအတိုင်း မရောင်းရင် ကျွန်တော်တို့ဆီကို ဆက်သွယ်တိုင်တန်းနိုင်ပါတယ်”ဟု ၎င်းကပြောဆိုထားသည်။
ထိုသို့တိုင်ကြားခဲ့သော်လည်း မိမိတို့အနေဖြင့် အကျိုးမရှိသည့်အပြင် သက်ဆိုင်ရာဌာနဘက်မှလည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နိုင်မည် မထင်မိကြောင်း အမည်မဖော်လိုသည့် ဆီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
“သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းလို့ ကျွန်တော်တို့ကတိုင်ပြီထားပါတော့။ နောက်ထပ်လိုတဲ့ဆီတွေကို ကျွန်တော်တို့က ဘယ်ကနေသွားဝယ်ရမှာလဲ။ နေရင်းထိုင်ရင်း မိတ်ပျက်မယ့်အပြင် ကိုယ်ပဲ အမုန်းခံရမှာလေ။ ဒီတော့ ဘယ်သူကမှ အမုန်းမခံချင်ပါဘူး”ဟု ၎င်းကဆိုသည်။
ထိုသို့ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လက်လုပ်လက်စား မိသားစုဝင်များမှာ စားဝတ်နေရေးတွင် များစွာထိခိုက်မှုများရှိလာနေကြောင်း စစ်ေတွေမြို့မှ ဒေါ်လှဝင်းနုကဆိုသည်။
“ပုံမှန်ဆိုရင် တစေ်နေ့ဈေးဖိုးက လေးငါးထောင်လောက်ဆိုရင်ရတယ်။ အခုက မရတော့ဘူး။ အနည်းဆုံး တစ်သောင်းကျော်လောက်မှ ရတော့တယ်။ နောက်ပြီး အရင်က ကိုးရာလောက်ပဲပေးရတဲ့ ဆီဗူးတွေကလည်း အခုဆိုရင် ၂၅၀၀ လောက်အထိ ဈေးတက်သွားပြီ”ဟု ၎င်းကရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံက မြို့နယ်အချို့တွင် စားအုန်းဆီများကို အစိုးရမှ သက်သာဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများရှိနေသဖြင့် ရခိုင်ပြည်နယ်တွင်လည်း ထိုသို့ရောင်းချနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကဆိုသည်။
“လတ်တလောမှာတော့ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာအဖွဲ့တွေဆီကို စာတင်ထားပါတယ်။ အဓိက ကတော့ ရခိုင်မှာ သက်သာဈေးနှုန်းနဲ့ စားအုန်းဆီကို ရောင်းပေးနိုင်ဖို့အတွက်ပါ”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံအတွက်လိုအပ်သည့် စားအုန်းဆီ၏ ၉၆ ရာခိုင်နှုန်းကို တင်သွင်းနေသည့် အင်ဒိုနီးရှားနိုင်ငံက ပြီးခဲ့သည့်ဧပြီလ ၂၈ ရက်နေ့မှစတင်ကာ စားအုန်းဆီတင်ပို့မှုကို ရပ်ဆိုင်းခဲ့ပြီးနောက် မြန်မာ့ဆီဈေးကွက် ဂယက်ရိုက်မှုများရှိခဲ့ပြီး ဆီဈေးမှာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။
ထို့နောက် မေလ ၃၀ ရက်နေ့မှစ၍ အင်ဒိုနီးရှားနိုင်ငံဘက်မှ စားသုံးဆီ ပြန်လည်တင်ပို့ခွင့်ပြုခဲ့သော်လည်း စားအုန်းဆီဈေးနှုန်းမှာ ပြန်လည်ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။