ရန်ကုန်တွင် စားအုန်းဆီဈေးနှုန်းမြင့်တက်နေ

အာဏာသိမ်းမှုကြောင့် ပြည်တွင်း၌ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီဈေးမှာ တပိဿာလျှင် ကျပ်ငွေတစ်သောင်းခွဲကျော်အထိ မြင့်တက်လာနေသည်။

25 Aug 2022

ဓာတ်ပုံ - CJ

DMG၊ သြဂုတ် ၂၅

အာဏာသိမ်းမှုကြောင့် ပြည်တွင်း၌ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီဈေးမှာ တပိဿာလျှင် ကျပ်ငွေတစ်သောင်းခွဲကျော်အထိ မြင့်တက်လာနေသည်။

စစ်တပ်က အာဏာသိမ်းယူပြီး တစ်နှစ်ခွဲအချိန်၌ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီဈေးနှုန်းမှာ ခြောက်ဆအထိ ဈေးမြင့်တက်သွားခဲ့ကြောင်း ရန်ကုန်မြို့ရှိ အိမ်ရှင်မတစ်ဦးက‌ပြော သည်။

“စားအုန်းဆီဈေးက အာဏာမသိမ်းခင်မှာ တပိဿာကို ကျပ် (၂၀၀၀)ကျပ်ပဲရှိတယ်။ အာဏာသိမ်းပြီး အခုတစ်နှစ်ခွဲကျော်မှာ တော့ (၁၂၀၀၀)ကျပ်အထိ ဖြစ်နေတယ်။ ဈေးက ခြောက်ဆကို တက်သွားတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ စားအုန်းဆီဈေးနှုန်းများအား အခြေခံလက်ကား ဈေးနှုန်း (၅၀၀၀)ကျပ်ဖြင့်ရောင်းချရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားသော်လည်း ပြင်ပ၌ ကျပ်ငွေ (၉၀၀၀)ကျော်မှ (၁၅၀၀၀)ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ သိရသည်။

အခြေခံစားသောက်ကုန် လက်လီအရောင်းဆိုင်ရှင်တစ်ဦးက “ဈေးက သူတို့သတ်မှတ်ချင်သလို သတ်မှတ်နေတာပဲလေ။ တကယ့်အပြင်မှာ စားအုန်းဆီတပိဿာ (၉၂၀၀)ကျပ်ကနေ ကျပ် (၁၅၀၀၀)အထိ ဈေးပေါက်နေပြီ။ အခြေခံလူတန်းစားတွေအတွက်က လုံးဝလိုက်မမီတော့ဘူး”ဟု ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှတင်သွင်းနေသည့် ပုစွန်နှစ်ကောင်အမျိုးအစား စားသုံးဆီများမှာ တစ်လီတာဇူး တစ်ဗူးကို(၆၀၀၀)ကျပ်မှ (၁၂)ဗူးပါ တစ်ပါကင်ကို (၆၈၄၀၀)ကျပ်အထိ ပေါက်ဈေး ရှိနေကြောင်း စားသုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ထိုသို့ စားသုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရောင်းချပေးနေသည့် ကားများလာရောက်မည်ကိုစောင့်မျှော်နေကြရပြီး ဝယ်ယူရာတွင်လည်း တန်းစီစနစ် အကန့်အသတ်ဖြင့်သာရရှိခဲ့ရကြောင်း လှိုင်သာယာမြို့နယ် ဆင်ခြေဖုံးရပ်ကွက် ဒေသခံတစ်ဦးကပြောသည်။

“စားအုန်းဆီဈေးတွေ အပြင်မှာ (၁၅၀၀၀)ကျပ်အထိ ဈေးတွေရှိ နေတော့ မဝယ်စားနိုင်တော့ဘူး။ ဆီကုန်သည်အသင်းရဲ့ အရောင်းကားတွေအလာကို စောင့်မျှော်နေကြရတယ်။ လာရင်လည်း တန်းစီပြီးဝယ်ရတယ်။ တစ်ယောက်ကိုတစ်ဗူးနှုန်းပဲရတယ်”ဟု အဆိုပါ ဆင်ခြေဖုံးရပ်ကွက် ဒေသခံတစ်ဦးကပြောသည်။

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးသည့်လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ညွှန်ကြားသည့် စားအုန်းဆီဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် အရောင်းကားများနှင့် ဆိုင်အရေအတွက်အနည်းငယ်သာရှိပြီး စားသုံးဆီဈေးနှုန်းမတည်ငြိမ်မှုကို လက်ရှိအချိန်၌ စစ်ကောင်စီမှ ထိန်းချုပ်နိုင်ခြင်းမရှိသေးသည်ကိုတွေ့ရသည်။