- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ရေးမတည်ငြိမ်မှုကြောင့် ပုဏ္ဏားကျွန်းကားလမ်းမကြီးတွင် ကားအစီးရေ ၂၀၀ ခန့် ပိတ်မိနေ
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် ခရီးသည်တင်ကားများ အပါအဝင် ကားအစီးရေ ၂၀၀ ခန့်အထိ ပိတ်မိလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
11 Nov 2022
ပုဏ္ဏားကျွန်းကားလမ်းမကြီးပေါ်တွင် ပိတ်မိနေသည့် ရန်ကုန်-စစ်တွေကားကြီးများအား တွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
DMG | နိုဝင်ဘာ ၁၁
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် ခရီးသည်တင်ကားများ အပါအဝင် ကားအစီးရေ ၂၀၀ ခန့်အထိ ပိတ်မိလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကားများမှာ ယမန်နေ့(နိုဝင်ဘာလ ၁၀ ရက်နေ့)၊ နံနက်ပိုင်း ၇ နာရီအချိန်ခန့်မှ စတင်ကာ ပိတ်မိနေခြင်းဖြစ်ပြီး ယခုအချိန်ထိ မထွက်ရသေးဘဲ ရပ်တန့်နေကြခြင်းဖြစ်သည်။
"သူတို့ကို ပုဏ္ဏားကျွန်းမြို့မရဲစခန်းရှေ့ကနေ တားထားတာပါ။ ရဲနဲ့ စစ်သား ၇ယောက်၊ ၈ယောက်လောက်တော့ ထွက်စောင့်နေတာရှိပါတယ်။ လုံးဝထွက်ခွင့်မပေးကြဘူး။ ကျနော်တို့က ကားလမ်းမနားမှာ ဈေးဆိုင်ရောင်း နေတာဆိုတော့ သူတို့တွေ ကားပေါ်ကဆင်းပြီး မုန့်တွေ၊ဘာတွေ ဝယ်စားကြတာရှိတယ်။ ပိုက်ဆံမပါတော့တဲ့ သူတွေလည်း ရှိကြတယ်"ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးကပြောသည်။
ယခုပိတ်မိနေသည့် ကားများအနက် မှန်လုံကားငယ်အချို့မှာ လာရာလမ်းအတိုင်း ပြန်လှည့်ပြန်သွားကြသော်လည်း ကုန်တင်ကားကြီးများမှာ လှည့်ပြန်သွားလျှင် ဆုံးရှုံးနစ်နာမှုများပြားနိုင်သောကြောင့် အရဲစွန့်ကာ စောင့်ဆိုင်းနေကြသည်ဟု ရန်ကုန်မှ စစ်တွေသို့လာသည့်ကုန်တင်ကားမောင်းနှင်သူတစ်ဦးကပြောသည်။
"ကျနော်တို့မှာပါလာတာက အကုန်လုံးကုန်စိမ်းတွေချည်းပဲ သိန်း ၅၀ ကျော်ဖိုးတင်လာတာပါ။ အခု ပိတ်မိနေတာ တစ်ရက်ကျော်သွားပြီ။ ဒီနေ့လည်း မထွက်ရဘူးဆိုရင် ပျက်စီးသွားနိုင်တဲ့ ကုန်စိမ်းတွေပါတယ်။ ကျနော်တို့လည်း မလျော်နိုင်ဘူး။ တစ်ချို့ဒေသခံကားတွေက လှည့်ပြန်သွားကြပေမဲ့ ကျနော်တို့က လှည့်ပြန်ဖို့ အဆင်မပြေဘူး။ ထွက်ခွင့်ပေးဖို့လည်း ဆင်းပြီးမတောင်းရဲဘူး။ကျနော်တို့လည်း ဝမ်းရေးကြောင့်သာလာရတာ၊ သေမှာတော့ကြောက်တာပေါ့" ဟု ၄င်းကပြောသည်။
အလားတူ ခရီးသည်ကားကြီးများမှာလည်း ပြန်လှည့်ရန်အဆင်မပြေ၍ ညအိပ်စောင့်နေကြရပြီး ခရီးသည်များမှာ ငွေကြေးပြတ်တောက်မှုနဲ့ကြုံနေကြရပြီဖြစ်သည်ဟု ကားဆရာတစ်ဦးကပြောသည်။
"ရန်ကုန်ကနေထွက်လာတာဆိုတော့ တစ်ခြားမြို့နယ်ကလူတွေက ဆင်းကျန်ခဲ့ကြပြီ။ အခုစစ်တွေဖက်က လူတွေပဲ ပါလာတာ။ သူတို့လည်း ညအိပ်နေပြီးစောင့်ရတာဆိုတော့ လမ်းမှာပဲ အကုန်လုံး ဝယ်ယူစားသောက်နေရတယ်။ တစ်ချို့ဆို လမ်းခရီးနဲ့ငွေကြေးကို တွက်ချက်ပြီးယူလာတာဆိုတော့ ငွေပြတ်ပြီး ဘာမှဝယ်မစားနိုင်တော့တဲ့အခြေအနေကို ရောက်နေကြပါပြီ။ ဒီနေ့လည်း ထွက်ခွင့်ပေးမယ့်အနေအထား မမြင်ပါဘူး။ သူတို့က လူတွေကိုမစစ်ဆေးဘဲ လမ်းကိုပဲပိတ်ထားတာ"ဟု ၄င်းကဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာနှင့်ဆင်အင်းကြီးကျေးရွာကြားတွင် ယမန်နေ့က စစ်ကောင်စီကားတစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ကားလမ်းကိုပိတ်ဆို့ထားခြင်းဖြစ်သည်။ ထိုသို့ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ အနီးအနားကျေးရွာမှ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်။