ပေါင် ၅၀၀ လေကြောင်းဗုံးကြောင့် နမ့်ခမ်းဒေသခံ ၁၁ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ
ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့မှုကြောင့် နမ့်ခမ်းမြို့ ညဈေးအနီးရှိ လူနေအိမ်များနှင့် ကျားဖြူခမ်းမအနီးတွင် ကျရောက်ပေါက်ကွဲားခဲ့သည်။
06 Sep 2024
DMG ၊ စက်တင်ဘာ ၆
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ကို ယနေ့(စစ်တင်ဘာ ၆) နံနက် ၁ နာရီကျော်အချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် မြို့ခံ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း TNLA က ထုတ်ပြန်သည်။
ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့မှုကြောင့် နမ့်ခမ်းမြို့ ညဈေးအနီးရှိ လူနေအိမ်များနှင့် ကျားဖြူခမ်းမအနီးတွင် ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅ ဦး သေဆုံးကာ ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေပြီး TNLA က သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်ကလည်း မန်တုံမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး၊ စက်တင်ဘာ ၄ ရက်ကလည်း သီပေါမြို့ကို လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားများကိုဦးတည်ကာ ပေါင် ၅၀၀ ဗုံးများဖြင့် နေ့စဥ်တိုက်ခိုက်နေမှုမှာ စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဟု TNLA က ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီသည် TNLA ထိန်းချုပ်နယ်မြေကို လေကြောင်းပစ်ခတ်မှု ၂၂၅ ကြိမ် ပြုလုပ်ခဲ့ခြင်းအပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၂၇ ဦး သေဆုံးပြီး ၇၀ ဦး ဒဏ်ရာရခဲ့ကြောင့် TNLA ထုတ်ပြန်သည့် စာရင်းအရ သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်လိုက်ရသော ဒေသများရှိ အရပ်သားနေထိုင်ရာကို လေကြောင်းအဓိကသုံးကာ လာရောက်တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။
ISP - Myanmar ၏ ဩဂုတ်လ အစီရင်ခံစာအရ ရှမ်းမြောက်ဒေသမှ အစပျိုးခဲ့သော ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာ လေကြောင်း တိုက်ခိုက်ခံရမှု နှစ်ဆနီးပါးမြင့်တက်လာခဲ့သည်။