ရသေ့တောင် ကဗျာပွဲတော် စတင်ကျင်းပ

ရခိုင်မော်ဒန်ကဗျာများ ရှင်သန်ဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး ရသေ့တောင်မြို့၊ စေတီတောင်ဓမ္မာရုံတွင် ကဗျာပွဲတော်ကို ယနေ့(မေလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ) နှစ်ရက်ကြာကျင်းပနေပြီး ရခိုင်ကဗျာဆရာ အသီးသီးတက်ရောက်နေကြသည်။

21 May 2022

DMG ၊ မေလ ၂၁

ရခိုင်မော်ဒန်ကဗျာများ ရှင်သန်ဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး ရသေ့တောင်မြို့၊ စေတီတောင်ဓမ္မာရုံတွင် ကဗျာပွဲတော်ကို ယနေ့(မေလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ) နှစ်ရက်ကြာကျင်းပနေပြီး ရခိုင်ကဗျာဆရာ အသီးသီးတက်ရောက်နေကြသည်။

အဆိုပါပွဲတော်ကို ရသေ့တောင်မြို့နယ်မှ ကဗျာဆရာများဦးဆောင်ပြီး ရခိုင်ခေတ်ပေါ်ကဗျာနှင့်သက်ဆိုင်သည့် အကြောင်းအရာများကိုရေးသားထားသည့် ကဗျာစာတမ်းများကိုဖတ်ခြင်း၊ ကဗျာစကားဝိုင်း၊ ကဗျာရွတ်ဖတ်ပွဲများပါဝင်သည်။

“ကဗျာဆိုင်ရာအသိတွေ တိုးတက်စေဖို့၊ ကဗျာဆရာအချင်းချင်းတွေ့ဆုံမှုကနေ ရခိုင်ကဗျာရေးချင်စိတ်တွေပိုဖြစ်လာဖို့၊ ကဗျာရေးသားရမှု ထုတ်ဝေရမှုအခက်အခဲတွေကို မျှဝေနိုင်ဖို့၊ ဖြေရှင်းအကြံပြုချက်တွေရလာဖို့ ရခိုင်ကဗျာနယ်ပယ်ပိုလို့ကျယ်ဝန်းလာဖို့၊ ခေတ်ပေါ်ကဗျာအမျိုးအစားတွေဖြစ်ပေါ်တိုးတက်လာဖို့ပါ”ဟု ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ကဗျာဆရာဝင်ရိုးက ပွဲကျင်းပသည့်ရည်ရွယ်ချက်ကို ပြောပြသည်။

ယခုကျင်းပသည့် ကဗျာပွဲတော်သည် ရခိုင်ပြည်မှာ ပထမဆုံးကျင်းပသည့်ပွဲတော်တစ်ခုဖြစ်ပြီး ကဗျာဆရာများအတွက် အရေးပါသည့်ပွဲဖြစ်ကာ ကဗျာကိုနှစ်သက်မြတ်နိုးသူ လူငယ်များအတွက်လည်း အတွေးသစ်၊ အမြင်သစ်များရလာနိုင်သည်ဟု ထင်မိကြောင်း တက်ရောက်လာသည့်ကဗျာဆရာ မြင့်လွင်ကဆိုသည်။

အလားတူ ပွဲတက်ရောက်လာသည့် ကဗျာဆရာမ မေသာဂီကလည်း ပွဲတော်သို့တက်ရောက်လာသည့် ရည်ရွယ်ချက်မှာ အခြားတက်ရောက်လာသည့်ကဗျာဆရာများနှင့်လူချင်းတွေ့ပြီး ရင်းနှီးမှုရချင်သောကြောင့်ဟု ဆိုသည်။

”ကျမက ဒီထိဘာကြောင့်ကဗျာရွတ်ဖတ်ဖို့ လာရလဲဆိုတော့ ကဗျာတွေချစ်လို့၊ ကဗျာရေးရတာကို နှစ်သက်လို့၊ ပြီးရင် ကဗျာရေးတဲ့သူတွေနဲ့ အပြင်မှာ ရင်းရင်းနှီးနှီးဆုံချင်လို့ပါ“ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် ယခင်က ကဗျာပြိုင်ပွဲများကျင်းပရာ၌ ဂန္တဝင်ကဗျာများကိုသာ ဦးစားပေးခဲ့ရာမှ ယခုနောက်ပိုင်းတွင် မော်ဒန်ကဗျာများကိုလည်း အလေးပေးလာကြသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်‌နေ့တွင်ကျင်းပခဲ့သည့် ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှချီးမြှင့်သည့် စာပေပွဲတွင် မော်ဒန်ကဗျာသည် ပထမဆုံးအကြိမ်ဆုရရှိခဲ့သည်။