- အိန္ဒိယဘုရားရှိခိုးကျောင်းတွင် မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူ ၁၅၀ ကျော် ဒဏ်ရာရ
- ဘာဆန်ချာကျွန်းသို့ မွတ်ဆလင်ဒုက္ခသည် ၅၀၀ ကျော် ထပ်ပို့
- စစ်ကောင်စီ မကျရှုံးရေး အသည်းအသန် အားထုတ်စောင်မနေတဲ့ တရုတ်
- ရခိုင်ဒေသထွက် ပုရစ်ကောင်များ ဈေးကောင်းရလာ
- စစ်ကောင်စီ မြေမြှုပ်မိုင်းကြောင့် အမ်းတွင် ကလေးတစ်ဦး ခြေတစ်ဖက် ပြတ်သွား
ရခိုင်က စစ်ရှောင်စခန်းများတွင် အိမ်သာမလုံလောက်၍ ကျန်းမာရေးအတွက် စိုးရိမ်နေရ
အိမ်သာမလုံလောက်ခြင်းမှာ လူဦးရေများသော စစ်ဘေးရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအတွက် စိုးရိမ်စရာဖြစ်နေသည်။
26 Oct 2024
DMG ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းအချို့တွင် အိမ်သာလုံလောက်မှုမရှိသဖြင့် စစ်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စရာဖြစ်လာနေကြောင်း ပြောဆိုကြသည်။
လူဦးရေ ၃၀၀ ကျော် ခိုလှုံနေသော ကျောက်တော်မြို့ရှိ မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းတွင် အိမ်သာ ၁ လုံး သာရှိ၍ အခက်ကြုံနေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
"အိမ်သာက သုံးလုံးရှိတယ်။ ဒါပေမယ့် နှစ်လုံးက သုံးမရဘူး။ တစ်လုံးပဲ အသုံးပြုလို့ရတယ်။ အဲဒါကို လူတွေ အများကြီး သုံးနေရတာ။ အိမ်သာ သုံးမယ်ဆိုရင် မနက် ၄ နာရီကတည်းက အိမ်ရာထပြီး တန်းစီရတယ်" ဟု အဆိုပါစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
အကူအညီရရှိမှု အလွန်အားနည်းနေခြင်းနှင့် ငွေကြေးအခက်အခဲရှိများကြောင့် စစ်ဘေးရှောင်စခန်းများတွင် အိမ်သာအလုံအလောက် မဆောက်လုပ်နိုင်ခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ပြောဆိုကြသည်။
စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ပေါက်တောမြို့နယ်အတွင်း စစ်ဘေးရှောင်နေသည့် လူဦးရေ သောင်းနှင့်ချီမှာလည်း ဆွေမျိုးနေအိမ်၊ ကျေးရွာအပြင် လယ်ကွင်းပြင်များတွင် တဲအိမ်ဆောက်လုပ်ကာ နေထိုင်နေရသည့်အတွက် အိမ်သာအခက်အခဲရှိသည်ဟု ပြောဆိုကြသည်။
" လူရွာမှာ လာနေရတာဆိုတော့ နေရာတိုင်းမှာ အိမ်သာသွားဆောက်ဖို့က အဆင်မပြေဘူး။ ဆွေမျိုး အိမ်တွေမှာလည်း နေ့တိုင်းအိမ်သာသွားတက်ဖို့က သူတို့မျက်နှာကိုလည်း ကြည့်ရတယ်။ အဲဒါနဲ့ အိမ်သာ တက်ချင်ရင် မြစ်ကမ်းဘေးကို သွားရတယ်။ နေမှောင်မှ သွားရတာဆိုတော့ အိမ်သာတက်ချင်ရင် အောင့်ထားရတယ်။ အဲဒါနဲ့ အိမ်သာ ပုံမှန်မတက်ဖြစ်တော့ဘူး" ဟု ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
ဝမ်းပုံမှန်မသွားနိုင်၍ နောက်ဆက်တွဲအနေဖြင့် ဝမ်းပြဿနာဖြစ်လာခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း ၊ လေထိုး လေအောင့်ခြင်းနှင့် အစာစားချင်စိတ်မရှိတော့ခြင်းစသည့် ကျန်းမာရေးပြဿနာများရှိလာနေသည်ဟု ၎င်းက ဆက်ပြောသည်။
အိမ်သာမလုံလောက်ခြင်းမှာ လူဦးရေများသော စစ်ဘေးရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအတွက် စိုးရိမ်စရာဖြစ်နေသည်။ ယင်းအပြင် အိမ်သာအခက်အခဲကြောင့် အမျိုးသမီးများမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများရှိနေသည်။
" ပုံမှန် အိမ်သာတက်တယ်ဆိုရင် ရေရှိတယ်။ တစ်ရှူးတွေ ရှိတယ်။ အခု အိမ်သာမရှိတော့ တောကို သွားရတယ်။ ရေမရှိဘူး။ အပေါ့သွားရင်လည်း ပုံမှန်ရေမသုံးရဘူး။ ရေပုံမှန်မသုံးရတော့ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတော့ဘူး" ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
အိမ်သာမရှိ၍ တောတောင်ကို အားကိုးနေရသည့် စစ်ဘေးရှောင်အမျိုးသမီးများမှာ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက်လည်း စိုးရိမ်ရသည်ဟု ပြောဆိုကြသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဦးရေ ၆၀၀,၀၀၀ ကျော်အထိ ရှိလာနေပြီး စစ်ဘေးရှောင်များမှာ စားဝတ်နေရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများတွင် လိုအပ်ချက်များမြင့်မားနေသည်။