ရခိုင်စစ်ရှောင်အမျိုးသမီးများ စားဝတ်နေရေးအတွက် ကြုံရာကျပန်းလုပ်ကိုင်နေကြ

စစ်ဘေးရှောင်အမျိုးသမီးများမှာ ကုန်ထမ်းသည့်အလုပ်အပြင် အဝတ်လျှော် ၊ ရေထမ်း၊ သန့်ရှင်းရေးစသည့် ကြုံကျရာပန်း အလုပ်များကို လုပ်ကိုင်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေရခြင်းဖြစ်သည်။

By Admin 23 Oct 2024

စစ်ဘေးရှောင်အမျိုးသမီးများမှာ ကုန်ထမ်းသည့်အလုပ်အပြင် အဝတ်လျှော်၊ ရေထမ်း၊ သန့်ရှင်းရေး စသည့် ကြုံကျရာပန်း အလုပ်များကို လုပ်ကိုင်ပြီး စားဝတ်နေရေးကို ဖြေရှင်းလာကြသည်။
စစ်ဘေးရှောင်အမျိုးသမီးများမှာ ကုန်ထမ်းသည့်အလုပ်အပြင် အဝတ်လျှော်၊ ရေထမ်း၊ သန့်ရှင်းရေး စသည့် ကြုံကျရာပန်း အလုပ်များကို လုပ်ကိုင်ပြီး စားဝတ်နေရေးကို ဖြေရှင်းလာကြသည်။

DMG ၊ အောက်တိုဘာ ၂၃

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှု၊ ကူညီထောက်ပံ့မှုမရရှိခြင်းတို့ကြောင့် စားဝတ်နေရေးအကျပ်အတည်းများစွာဖြင့် ကြုံတွေ့နေရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ ကြုံရာကျပန်းလုပ်ကိုင်၍ စားဝတ်နေရေးကို အဓိက ဖြေရှင်းနေကြရပြီး ယင်းအထဲတွင် စစ်ဘေးရှောင်အမျိုးသမီးများမှာလည်း စားဝတ်နေရေးအတွက် အမျိုးသားများနှင့် ရင်ဘောင်တန်းကာ ကုန်တင်၊ကုန်ချလုပ်ကိုင်မှုများ ပို၍ များပြားလာနေကြောင်း ပြောဆိုကြသည်။

" ကျမ ဘဝမှာ တစ်ခါမှ ဒီလိုမလုပ်စားဖူးဘူး။ သကြားတစ်အိတ်ကို တစ်ထောင်နဲ့ ထမ်းရတယ်။ နှလုံးအားကလည်း မကောင်းဘူး။ ဒါပေမယ့် ကြိတ်ခံပြီး ထမ်းရတယ်။ ကိုယ့်သား၊သမီးကို မငတ်စေချင်လို့ လုပ်ရတာဖြစ်တယ်" ဟု ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်နေသည့် အသက် ၅၀ အရွယ် ဒေါ်အေးသိန်းမေက ပြောသည်။

စစ်ဘေးရှောင်အမျိုးသမီးများမှာ ကုန်ထမ်းသည့်အလုပ်အပြင် အဝတ်လျှော် ၊ ရေထမ်း၊ သန့်ရှင်းရေးစသည့် ကြုံကျရာပန်း အလုပ်များကို လုပ်ကိုင်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေရခြင်းဖြစ်သည်။

အလုပ်များမှာ ကြုံရာကျပန်းဖြစ်သဖြင့် ပုံမှန်ဝင်ငွေမရှိသလို တစ်ခါတစ်ရံ အလုပ်မကျ၍ ဝင်ငွေ လုံးဝ မရှိသည့် နေ့ရက်များတွင် ပို၍အခက်အကြုံရကြောင်း ပြောဆိုကြသည်။

အသက် ၂၀ အရွယ် စစ်ဘေးရှောင် မသန္တာက " မိန်းကလေးတွေက ပုံမှန်ဆိုရင် ထမင်းချက်၊ ဟင်းချက်တာကိုပဲ လုပ်နေကြတာ။ အခုက ဘုတ်(စက်လှေ) ပေါ်တွေကို တက်ပြီး ကုန်ထမ်းတယ်။ ယောင်္ကျားတွေနဲ့တန်းတူ အလုပ်လုပ်နေရတယ်။ ကုန်ထမ်းတာက တစ်ရက်မှာ ငွေ ၂,၅၀၀ ရတဲ့ နေ့လည်း ရှိတယ်။ တခါတလေ ငွေ ၂၅,၀၀၀ ရတဲ့နေ့လည်း ရှိတယ်။ ဒါပေမယ့် အလုပ်မလုပ်ရတဲ့နေ့က ပိုများတယ်" ဟု ပြောသည်။

ကြုံရာကျပန်းလုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသော်လည်း ကုန်ဈေးနှုန်းအဆမတန် မြင့်မားမှုကြောင့် ရငွေနှင့် ထွက်ငွေမှာ ကိုက်ညီမှုမရှိဘဲ ထမင်းတစ်နှပ်စားရန်ပင် မလောက်မငှ ဖြစ်နေရသည်ဟု စစ်ဘေးရှောင်အမျိုးသမီးများက ဆိုကြသည်။

" အလုပ်က ပုံမှန်ဝင်ငွေမရှိဘူး။ တစ်ရက်တလေဆို ပိုက်ဆံ ၁,၉၀၀ ၊ ၂,၀၀၀ လောက်ပဲ ရတယ်။ ကုန်ဈေးနှုန်းတွေ ဒီလောက်တက်နေတာ သားသမီးတွေနဲ့ ဘယ်လိုရှာစားရမလဲ။ ဝင်ငွေနဲ့ ထွက်ငွေ လုံးဝမမျှဘူး။ ဒီကို ရောက်ကတည်းက ကယ်ဆယ် ရေးလည်းတစ်ခါမှမရဖူးသေးဘူး" ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ကူညီထောက်ပံ့မှုနည်းပါးသဖြင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးများ ခက်ခဲနေသောကြောင့် အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ကူညီထောက်ပံ့မှုများပေးရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

ရခိုင်ပြည်တွင် တိုက်ပွဲပြင်းထန်နေသည်မှာ တစ်နှစ်နီးပါး ကြာမြင့်လာနေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၆ သိန်းခန့်အထိရှိလာပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေထိုင်ရေးစသည့် ကဏ္ဍအသီးသီး၌ အခက်အခဲ စိန်ခေါ်မှုများဖြင့် ဖြတ်သန်းနေရသည်။