ရွေးကောက်ပွဲဆိုင်ရာပုဒ်မနှင့် တရားရင်ဆိုင်နေရသည့် ဦးညီပုနှင့် ဦးမင်းအောင်အမှုမှ တရားလိုကို ထပ်မံခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှစ်ဦး တရားစွဲဆိုခံထားရသည့် ရွေးကောက်ပွဲဆိုင်ရာအမှုမှ တရားလိုကို ယနေ့မတ်လ ၁၀ ရက်နေ့တွင်(Recall)ပြန်ခေါ်ပြီး ထပ်မံစစ်ဆေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

10 Mar 2022

DMG ၊ မတ်လ ၁၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှစ်ဦး တရားစွဲဆိုခံထားရသည့် ရွေးကောက်ပွဲဆိုင်ရာအမှုမှ တရားလိုကို ယနေ့မတ်လ ၁၀ ရက်နေ့တွင်(Recall)ပြန်ခေါ်ပြီး ထပ်မံစစ်ဆေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

ဝန်ကြီးဟောင်းနှစ်ဦးကို စွဲချက်တင်ထားပြီဖြစ်သော်လည်း စွပ်စွဲခံရသူဘက်မှ တရားလိုအား စစ်ဆေးမေးမြန်းရန်ရှိသည့်အတွက် တရားလို ဦးသူရိန်ထွဋ်ကို Recall ပြန်ခေါ်ကာ စစ်ဆေးခဲ့သည်ဟုသိရသည်။

စစ်တွေအကျဉ်းထောင်အထူးတရားရုံး၌ ထိုသို့စစ်ဆေးခဲ့ပြီး လာမည့်မတ်လ ၁၄ ရက်နေ့ရုံးချိန်းတွင် စွပ်စွဲခံရသူများကို ထပ်မံစစ်ဆေးသွားမည်းဖြစ်သည်ဟု ရှေ့နေထံမှသိရသည်။

“ဒီနေ့က တရားလိုဦးသူရိန်ထွဋ်ကို Recall ပြန်ခေါ်ပြီးပြန်စစ်ဆေးတာပါ။ Recall ခေါ်တယ်ဆိုတာက စွဲချက်တင်ပြီးနောက်ပိုင်းမှာ တရားလိုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူဘက်က ပြန်မေးစရာရှိတာကျန်သေးတယ်။ စစ်ဆေးချင်တဲ့ဆန္ဒရှိသေးတယ်ဆိုရင် ပြန်ခေါ်ပြီးမေးလို့ရပါတယ်။ လာမယ့်မတ်လ ၁၄ ရက်နေ့မှာလည်း စွပ်စွဲခံထားရတဲ့ ဦးမင်းအောင်နှင့် ဦးညီပုတို့ကို ပြန်ပြီးတော့ စစ်ဆေးသွားမှာပါ“ဟု ရှေ့နေကဆိုသည်။

ဦးညီပုနှင့် ဦးမင်းအောင်တို့နှစ်ဦးမှာ ကျန်းမာရေးကောင်းမွန်သည်ဟုလည်း ယင်းရှေ့နေထံမှသိရသည်။ အဆိုပါအမှုရင်ဆိုင်နေရသူနှစ်ဦးကို ရွေးကောက်ပွဲဆိုင်ရာရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၀(က)နှင့် ၁၀၉ တို့ဖြင့် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

ဦးညီပုနှင့် ဦးမင်းအောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၀(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဦးညီပု၏ရွေးကောက်ပွဲဆိုင်ရာဥပဒေဖောက်ဖျက်မှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၀၉ ဖြင့် စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်ကို ထပ်တိုးပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဒုတိယဥက္ကဋ္ဌ ဦးသူရိန်ထွဋ်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-(၅၅)ဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြည်နယ်တရားရုံးမှထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

ယင်းအထဲမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍ၊အခွန်၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်စီနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့သည်။

ယင်းအပြင် ဝန်ကြီးချုပ်ဟောင်းဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရပြီးဖြစ်ကာ ၎င်းတို့အားလုံးသည် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျလျက်ရှိကြသည်။