- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲမှ ရခိုင့်အားမာန်ကားဂိတ်ကို စစ်ကောင်စီက ပိတ်ခိုင်း
ရခိုင်ပြည်အတွင်းရှိ မြို့နယ်များသို့ ပြေးဆွဲနေသည့် သံတွဲမြို့မှ ရခိုင့်အားမာန်ကားဂိတ်ကို ယာယီပိတ်ထားရန် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း ယင်းကားဂိတ် ဝန်ထမ်းများထံမှ သိရသည်။
13 Nov 2022
ရခိုင့်အားမာန် ကားဂိတ်ကိုတွေ့ရစဉ်။ ဓါတ်ပုံ- CJ
DMG ၊ နိုဝင်ဘာ ၁၃
ရခိုင်ပြည်အတွင်းရှိ မြို့နယ်များသို့ ပြေးဆွဲနေသည့် သံတွဲမြို့မှ ရခိုင့်အားမာန်ကားဂိတ်ကို ယာယီပိတ်ထားရန် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း ယင်းကားဂိတ် ဝန်ထမ်းများထံမှ သိရသည်။
အဆိုပါကားဂိတ်အား ယာယီပိတ်ထားရန် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် သံတွဲမြို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မ.ထ.သ) ဥက္ကဌထံ ညွှန်ကြားလာခြင်းဖြစ်သည်ဟု ရခိုင့်အားမာန်ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးပြောသည်။
“ရခိုင့်အားမာန်ယာဉ်လိုင်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် ခေတ္တတိုက်နယ်မှူးအမှတ်(၅၅) ခြေလျှင်တပ်ရင်း ငပလီမြို့မှ တင်ပြသည့်ကိစ္စနှင့်ပတ်သက်၍ သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးဆုံးဖြတ်ချက်အရလို့ ပါတယ်။ ပိတ်သိမ်းရန်ညွှန်ကြားကြောင်း ဆိုတာပဲပါတယ်၊ ဘာကြောင့်ဆိုတာ မပါဘူး”ဟု ရခိုင့်အားမာန်ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းသို့ ညွှန်ကြားစာ မရောက်မီ နိုဝင်ဘာလ(၁၀)ရက်နေ့ကလည်း ငပလီအခြေစိုက် ခလရ(၅၅) တပ်ရင်းမှ အရာရှိနှင့်တပ်သားအချို့ ရောက်ရှိလာပြီး ကားဂိတ်အတွင်း ဝင်ရောက်စစ်ဆေးမှူးများ လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။
သံတွဲမြို့ မ.ထ.သယာဉ်လိုင်း ဥက္ကဋ္ဌ ဦးညီလေးက “ဒီယာဉ်လိုင်းကို ကျနော်တို့ မ.ထ.သက ပိတ်တာမဟုတ်တဲ့အတွက် ဘာကြောင့်ပိတ်တယ်ဆိုတာကို ကျနော်တို့မသိဘူး။ ကျနော်တို့ကို ဒီကိစ္စနဲ့ အစည်းအဝေးခေါ်တွေ့တာလည်း မရှိဘူး။ ၅၅ တပ်ရင်းက တင်ပြချက်အရလို့တော့ပါတယ်။ ဘာကိုတင်ပြတယ်ဆိုတာကိုတော့ မသိဘူး”ဟု ပြောသည်။
ထိုသို့ အကြောင်းအရင်းတစ်စုံတစ်ရာ မသိရဘဲ ကားပြေးဆွဲမှုကို ရပ်နားခိုင်းသည့်အတွက် ကားဂိတ်တွင်လုပ်ကိုင်နေသည့် ဝန်ထမ်းမိသားစုများမှာ စားဝတ်နေရေး ထိခိုက်မှုရှိကြောင်း ရခိုင့်အားမာန်ကားဂိတ်မှ အမျိုးသမီး ဝန်ထမ်းတစ်ဦးကဆိုသည်။
“ကားက အခုပွင့်လင်းရာသီရောက်လို့ ပြေးဆွဲရမယ်လုပ်တုန်း ဂိတ်ကိုပါ အပိတ်ခံလိုက်ရတယ်ဆိုတော့ ကားပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ တစ်ခြားဝန်ထမ်းတွေ အကုန်အခက်အခဲဖြစ်တယ်။ အခုစာထဲမှာပါတာကတော့ ယာယီလို့ပါတယ်ဆိုတော့လည်း ဘယ်လောက်ကြာကြာ ပိတ်မယ်ဆိုတာကိုလည်း ကျမတို့မသိဘူး”ဟု သူကဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ရခိုင့်အားမာန်ကားဂိတ် ဥက္ကဋ္ဌဖြစ်သူ ဦးစန်းကိုအား ငပလီအခြေစိုက် ခလရ(၅၅)တပ်ရင်းမှ ဖမ်းဆီးခဲ့သည်။
ယခုအခါ ရခိုင့်အားမာန်ကားဂိတ်အား ပိတ်သိမ်းခိုင်းခြင်းမှာလည်း ဦးစန်းကို ဖမ်းဆီးခံရမှုနှင့် ဆက်စပ်မှုရှိနေကြောင်း သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အဓိက ဒီယာဉ်လိုင်းကိုပိတ်တာ ဦးစန်းကို,ကို AA နဲ့ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးထားလို့ ပိတ်သိမ်းတာဖြစ်တယ်။ သူ့ကို ဖမ်းထားလို့ သူပိုင်တဲ့ စီးပွားရေးကိုပါ ဖျက်လိုက်တဲ့သဘောဖြစ်တယ်”ဟု ၎င်းကဆိုသည်။
ရခိုင့်အားမာန်ယာဉ်လိုင်းမှာ ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး၊ စစ်တွေ၊ ကျောက်ဖြူ စသည့်မြို့နယ်များသို့ ပြေးဆွဲနေသည်မှာ နှစ်ပေါင်း(၁၀)ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။