- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
ရခိုင်က မြို့နယ် ၄ ခုတွင် တိုက်ပွဲရှိနေကြောင်း AA ပြော
မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး တောင်ကုတ်မြို့ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားနေကြောင်း AA က ထုတ်ပြန်သည်။
23 Oct 2024
DMG ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင် တိုက်ပွဲများရှိနေကြောင်း အောက်တိုဘာ ၂၂ ရက်တွင် AA က ထုတ်ပြန်သည်။
မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး တောင်ကုတ်မြို့ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် စစ်တွေရှိ စစ်ကောင်စီ တပ်ရင်းများကလည်း AA ထိန်းချုပ်ရာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများသို့ တိုက်ပွဲမရှိဘဲ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။
“ စစ်တွေကနေ လက်နက်ကြီး ပစ်ခတ်မှုကို အဓိက ခံရတာကတော့ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်၊ အိုင်ဒင်၊ စပါးထား၊ အောင်မြေကုန်း၊ ကျွဲထိုးစတဲ့ နေရာတွေပေါ့။ ဟိုတုန်းက ကျွဲထိုးရွာမှာ လက်နက်ကြီးကျလို့ အရပ်သား ထိခိုက်တာရှိတယ်။ ဒါကြောင့် ရွာသားတွေကတော့ ရွာမှာမနေရဲကြဘူး ” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲမရှိသည့် နေရာများကို လက်နက်ကြီးဖြင့် တိုက်ခိုက်နေခြင်းမှာ အရပ်သားများကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ လက်ရှိတွင် စစ်တွေမြို့နယ်ကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သိရသည်။
ဂွမြို့နယ် ကျိန္တလီမြို့၊ ကမ်းသာယာမြို့မှလည်း တိုက်ပွဲဖြစ်ပွားရာ နေရာများသာမက တိုက်ပွဲမရှိသော မြို့၊ ရွာများသို့ပါ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း AA က ထုတ်ပြန်ထားသည်။
ဩဂုတ်လဆန်းပိုင်းက စတင်ခဲ့သည့် ဂွမြို့နယ်တိုက်ပွဲများသည် ယခုအခါ ဂွမြို့နှင့် ၁၀ မိုင်ခန့်အကွာ သဗြုချောင်း၊ ကြွေချိုင်နှင့် တိုင်ကျိုးကျေးရွာများ အနီးအထိ ရောက်ရှိလာသဖြင့် မြို့ခံများမှာ စိုးရိမ်စိတ်ဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်။
ဂွမြို့ခံ တစ်ဦးက “ လက်နက်ကြီးပစ်တာတွေ၊ လေယာဉ်သံတွေကျတော့ အသံကြားရုံနဲ့ လန့်နေပြီ။ သေရင်လည်း တစ်ချက်တည်းနဲ့သေ။ မဟုတ်ရင် ခြေပြတ်လက်ပြတ်နဲ့တော့ အသက်မရှင် ချင်ဘူး။ လူတွေက လက်နက်ကြီးတွေ လေယာဉ်က ဗုံးတွေကျလို့ သေတယ်ကြားတိုင်း ဘယ်အချိန် ကိုယ့်အလှည့် ရောက်လာမလဲဆိုတာမျိုး စိုးရိမ်ကြတာ ” ဟု ဆိုသည်။
ဂွမြို့နယ်တွင် ဘင်္ဂလားပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောကြီးများပေါ်မှလည်း လူနေကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း AA ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်အတွင်းက အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာ နေ့စဉ်နှင့်အမျှရှိနေသည်။