ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရမှုကိစ္စကြောင့် ရသေ့တောင်မြို့မှ စာသင်ကျောင်းတချို့သပိတ်မှောက်

မောင်တောမြို့နယ်တွင် ဖမ်းဆီးခံရသည့် ပညာရေးဝန်ထမ်းနှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ကိုင်တွယ် ဖြေရှင်းမှုအပေါ် အားမရသဖြင့် ရသေ့တောင်မြို့နယ်မှ စာသင်ကျောင်း (၆) ကျောင်းခန့် ပိတ်ထားပြီး သပိတ်မှောက်ကြသည်ဟု သိရသည်။

22 Jun 2022

 DMG ၊ ဇွန်လ ၂၂

မောင်တောမြို့နယ်တွင် ဖမ်းဆီးခံရသည့် ပညာရေးဝန်ထမ်းနှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ကိုင်တွယ် ဖြေရှင်းမှုအပေါ် အားမရသဖြင့် ရသေ့တောင်မြို့နယ်မှ စာသင်ကျောင်း (၆) ကျောင်းခန့် ပိတ်ထားပြီး သပိတ်မှောက်ကြသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံနေရမှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့်အပေါ် မကျေနပ်သဖြင့် စာသင်ကျောင်းများပိတ်ထားကာ သပိတ်မှောက်ရခြင်းဟု ရသေ့တောင်မြို့နယ်မှ အလယ်တန်းကျောင်းအုပ်တစ်ဦးက ပြောသည်။

“စပြီးလုပ်တာက မနေ့က စလုပ်တာ ဖြစ်တယ်။ မနေ့ကဆိုရင် ကျောင်း လေးကျောင်းလောက်က စလုပ်တယ်။ ဒီနေ့ဆို ကျောင်းလေးကျောင်းထပ်တိုးပါတယ်။ အခြားကျောင်းတွေကိုလည်း  တညီတညွတ်တည်း လုပ်စေချင် တယ်” ဟု ၎င်းက ဆိုသည်။

သပိတ်မှောက်သည့် ကျောင်းအမည်များကို ယင်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးအတွက် ဖော်ပြနိုင်ခြင်းမရှိပါ။ ရသေ့တောင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၃၀ ကျော်ရှိ ကြောင်း သိရသည်။
ယခုကဲ့သို့ ကျောင်းပိတ်ပြီး သပိတ်မှောက်ခြင်းကို ဖမ်းဆီးခံနေရသည့် ဆရာ၊ ဆရာမနှစ်ဦး ပြန်လည် လွတ်မြောက်လာသည်အထိ လုပ်ဆောင်သွားမည်ဟု အခြားကျောင်းအုပ်တစ်ဦးက ပြောသည်။

“ဆရာနဲ့ဆရာမ ပြန်လွတ်လာသည်အထိ ဒီသပိတ်ကို လုပ်မှာ ဖြစ်တယ်။ တကယ်လို့ အစိုးရ ဌာနတွေက မတက်မဖြစ် တက်ရမယ်လို့ ဖိအားပေးလာရင် တစ်မြို့နယ်လုံးမှာ ရှိတဲ့ ဆရာ ဆရာမတွေ နဲ့ တိုင်ပင်ပြီး ဆရာ၊ ဆရာမတွေ လွတ်မြောက်ရေး အတွက်ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်”ဟု သူကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ပညာရေးမှူး ဦးထွန်းရွှေကို ဆက်သွယ်မေးမြန်းရာတွင် ထိုသို့ ကျောင်းပိတ်ထားခြင်းမရှိကြောင်းနှင့် ထိုကျောင်းများကို စုံစမ်းစစ်ဆေးမည်ဟု ပြောဆိုသည်။

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာ မူလတန်းလွန်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ် ဆရာကြီး ဦးဘိုဝင်းနှင့်လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့သည် ဇွန်လ ၁၆ ရက်နေ့က မြို့နယ်ပညာရေးမှူး ရုံးမှ ဆင့်ခေါ်သဖြင့် မောင်တောမြို့သို့ သွားရောက်ရာ ကျောက်ချောင်းကျေးရွာအနီးတွင် လူတစ်စု၏ ပြန်ပေးဆွဲ ခြင်းခံလိုက်ရခြင်းဖြစ်သည်။

အဆိုပါပညာရေးဝန်ထမ်းနှစ်ဦးကို ARSA အဖွဲ့က ပြန်ပေးဆွဲသွားခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသော်လည်း ၎င်းတို့လက်ချက်မဟုတ်ဟု ARSA အဖွဲ့က ငြင်းဆိုထားသည်။

၎င်းတို့နှစ်ဦး လွတ်မြောက်လိုလျှင် တာကာငွေ သိန်း ၅၀ ဖြင့် ပြန်ရွေးရန် ပြန်ပေးဆွဲသမားများက ဖုန်းလှမ်း ဆက်ထားကြောင်းသိရသည်။ မောင်တောမြို့နယ်၊ပညာရေးမှူး ဦးအောင်စံကျော်ကမူ ပြန်ပေးဆွဲသူများနှင့် ငွေပမာဏအတွက် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်နေကြောင်း ပြောဆိုသည်။

လက်ရှိတွင် ငွေလွှဲပြောင်းအချို့ပြုလုပ်နေသော်လည်း အတိအကျကို မသိကြောင်းနှင့် မိသားစုဝင်နှင့် ဆက်စပ် စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊မိမိတို့အနေဖြင့် ဆရာ၊ဆရာများ နှင့်ကျောင်းသား၊ ကျောင်းသူများ ကျောင်းပုံမှန်တက်ရေးအတွက် ဆောင်ရွက်နေကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က ပြောဆိုသည်။

ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က “မြို့နယ်ပညာရေးမှူးတင်ပြလာတဲ့အပေါ် အခြေခံပညာဦးစီးဌာနတို့၊ ပညာရေး(ဝန်ကြီးဌာန)တို့ကိုလည်း တင်ပြထားတယ်။ အစိုးရဌာနကိုလည်း ထူးခြားဖြစ်စဉ်အနေနဲ့တင်ပြ ထားတယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကို ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။မကြာသေးမီရက်ပိုင်းက ယင်းကိစ္စနှင့်ပတ်သက်ပြီး ၎င်းကို ဆက်သွယ်ခဲ့ရာ သတင်းကြားရုံ သာကြားရသေးပြီး တိတိကျကျမသိရသေးကြောင်း DMG သို့ဖြေကြားဖူးသည်။

ကျောင်းဆရာ၊ ဆရာမနှစ်ဦးကို ယခုကဲ့သို့ ပြန်ပေးဆွဲခြင်းမှာ အာရက္ခပြည်အတွင်းရှိ မတူကွဲပြားသည့် လူမျိုးများ အကြားတွင် သဟဇာတဖြစ်စေရေးနှင့်ယုံကြည်မှုတည်ဆောက်ရာ၌ အနှောင့်အယှက်ဖြစ်စေပြီး သံသယဖြစ် ဖွယ်ရာများကို ဆောင်ယူလာသည့်ကိစ္စရပ်မျိုးဖြစ်နေသည့်အတွက် ထိုကဲ့သို့လုပ်ရပ်မှန်သမျှကို မိမိတို့ ပြင်းပြင်း ထန်ထန်ရှုံ့ချသည်ဟု ရက္ခိုင်ပြည်ကျောင်းသားများသဂ္ဂနှင့် မူဆလင်ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ကော် မတီက ဇွန်လ ၂၁ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။