နိုင်ငံရေး အပြောင်းအလဲအတွက် စစ်ကောင်စီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုရှိလာနိုင်မလား

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည့်အချိန်မှစ၍ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည်လည်း ပြောင်းလဲသွားကာ ပြည်သူများမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အကျပ်အတည်းကြီးကို ရင်ဆိုင်ကျော်လွှားနေ ကြရသည်။

09 Jul 2022

DMG ၊ ဇူလိုင် ၉

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည့်အချိန်မှစ၍ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည်လည်း ပြောင်းလဲသွားကာ ပြည်သူများမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အကျပ်အတည်းကြီးကို ရင်ဆိုင်ကျော်လွှားနေ ကြရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက များစွာရှုပ်ထွေးနေပြီး နေ့စဉ် သေနတ်သံ၊ ဗုံးသံကြားမှထွက်ပေါ်နေကာ သိန်းပေါင်းများစွာသော ပြည်သူများမှာလည်း စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိနေကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ မြန်မာ့အရေးကို ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြသော်လည်း ယနေ့ထိတိုင်အဖြေရှာရေးမှာ အခက်ခဲနေဆဲဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆော့ခွန်း ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်တွင် စစ်ကောင်စီဖက်မှ စကားသံတချို့ထွက်ပေါ်လာသည်ကိုတွေ့ရသည်။

ထိုစကားမှာ “နိုင်ငံရေးမှာ မဖြစ်နိုင်တာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ဆွေးနွေးတာဟာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး” ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက AFP သတင်းဌာသို့ ဖြေကြားထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ၊ဧပြီလ ၂၄ရက်နေ့တွင် အာဆီယံအသင်းကလည်း မြန်မာ့အရေးနှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေးကျင်းပကာ အားလုံးပါဝင်ရေး တွေ့ဆုံဆွေးနွေးအဖြေစ်ရှာရန် စသည့် ဘုံသဘောတူညီချက် (၅)ရက်ကို ချမှတ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ထိုဘုံသဘောတူညီချက်များကို လက်ရှိမှာ တစ်နှစ်ကျော်ကြာ မြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင်အကောင်အထည်မဖော်နိုင်သေးပေ။

ထို့ကြောင့် စစ်ကောင်စီသည် နိုင်ငံတကာဖိအားကြောင့် စီးပွးရေး ကျဆင်းမှုများရှိနေပြီး အာဆီယံမူ (၅)ချက်ကို အကောင်အထည်ဖော်ပေးနိုင်သည့်အတွက် ဒဏ်ခတ် ပိတ်ဆို့ခံရမှုများလာနေသဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးရေးမှာ ဖြစ်လာနိုင်ခြေရှိကြောင်းလည်း နိုင်ငံရေးအကဲခတ်တို့က ရှုမြင်နေကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ရေး အခြေအနေ အပြောင်းအလဲအောက်မှာ သူတို့က (စစ်ကောင်စီ) ဒီအကျပ်အတည်းတွေရဲ့တွန်းအားပေးမှုကြောင့် ဆွေးနွေးပွဲဆိုတာ ဖြစ်ကောင်းဖြစ်လာနိုင်ပါ တယ်။ သို့သော် အတားအဆီး အကျပ်အတည်းတွေက အများကြီးပဲ ” ဟု DMG ကို ပြောသည်။

အာဆီယံဘုံသဘောတူညီချက် (၅)ရက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့်  အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘော့ဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရတ်ဆော့ခွန်းသည် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ ဆုံခဲ့သည်။ ယင်းနောက် ၎င်းသည် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့နှင့် တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံရေး ပါတီ (၇)ပါတီနှင့်လည်း တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံရာတွင် ရခိုင်မှ အင်အားကြီးပါတီနှစ်ခုဖြစ်သည့် ANP နှင့် AFP တို့လည်း ပါဝင်ခဲ့သည်။ ရခိုင်အမျိုးသားပါတီ ANP ပါတီ ဥက္ကဌ ဦးသာထွန်းလှကတော့ အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံခဲ့ ရာတွင် လက်ရှိမြန်မာ့အရေး ဖြေရှင်းနိုင်ရန် အာဆီယံသဘောတူညီချက် ၅ ချက်ကို မည်သို့ အကောင်အထည်ဖော်မည်ကို အဓိကဆွေးနွေးဖြစ်ခဲ့သည်ဟု DMG ကို ပြောသည်။

“ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုကို လောလောဆယ်မှာ အကုန်လုံးမပါဝင်နိုင်တဲ့ အခင်းအကျင်းရှိနေရင် တောင်မှ အဓိက အုပ်စုကြီးတွေနဲ့ စတင်ပြီး တွေ့ဆုံ ဆွေးနွေးအဖြေရှာဖို့လိုအပ်တယ်လို့လည်း အာဆီယံအထူး ကိုယ်စားလှယ်က ကမ္ဘောဒီးယား ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ယှဉ်တွဲပြီး သူ့ရဲ့အမြင်ကို ပြောဆိုခဲ့တယ်” ဟု ဦးသာထွန်းလှက ပြောသည်။

ထို့အတူ ယခုရောက်ရှိလာသည့် ခရီးတွင် အာဆီယံအထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီကတွေ့ခွင့်မပြုခဲ့ပေးသည့်အတွက် မအောင်မြင်ခဲ့ပေ။

ယင်းကြောင့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့် မစေ့စပ်မညှိနှိုင်းမဖြစ်နိုင်ကြောင်း ပြောဆိုမှုမှာ နိုင်ငံရေး ကုစားမှုတစ်ခုဖြစ်ပြီး စစ်ကောင်စီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးနိုင်ပါက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုမှ လွှတ်ပေးမည်ဟုလည်း ထင်မြင်ချက်များ ရှိနေကြသည်။

ရခိုင့်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက “ ဘယ်အချိန်မှာ သူတို့ (စစ်ကောင်စီ) ဆွေးနွေးလာနိုင်မလဲဆိုရင် တစ်ဖက်ကို အကျပ်ကိုင်ထားပြီးမှ ဆွေးနွေးလာနိုင်တယ်။ နောက်တစ်ချက်က လုံးဝထွက်ပေါက်မရှိတဲ့ အခါမျိုးမှာ ဒါကို အသုံးချကောင်းအသုံးချလာနိုင်တယ်” ဟု ပြောဆိုသည်။

ဆက်လက်ပြီး ဦးဖေသန်းက “ သူတို့ (စစ်ကောင်စီ) ပြောတဲ့စကားက အခြေအနေနဲ့အချိန်အခါပေါ်မှာ မူတည်ပြီးတော့ ကျင့်သုံးလာနိုင်ခြေရှိတယ်။ အခြေအနေနဲ့ အချိန်ခါအရပဲ ဖြစ်တယ်။ ဘယ်အချိန်မှာ ဆွေးနွေးမယ်ဆိုတာကို မပြောဘူး။ ဆက်ပြီးတော့ (ဒေါ်အောင်ဆန်းစုကြည်)ကို ထောင်တွေချ အမှုတွေစွဲဆိုနေတယ်။ ဆိုတော့ ဒီခင်းအကျင်းက သူတို့ (စစ်ကောင်စီ) ဘက်က လွယ်လွယ်နဲ့ ညှိနှိုင်းလာနိုင်မှာ မဟုတ်ဘူး ” ဟု သုံးသပ်သည်။

လက်ရှိတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ကာ နှစ်ရှည်ထောင် ဒဏ်ချမှတ်နိုင်သည့် အမှုပေါင်း ၁၉ မှုနှင့် တရားစွဲဆိုထားပြီး လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချ မှတ်ခံထားပြီး ကျန်အမှုများအတွက် ဆက်လက်တရားရင်ဆိုင်နေရသည်။

အလားတူ အခြားတဖက်၌လည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာ လက်ရှိမှာ တစ်နှစ်နှင့်ခြောက်လအထိကြာမြင့်ချိန်ထိ အာဏာရှင်ဆန့်ကျင်မှုကြောင့် အရပ်သားသေဆုံးသူ ၂၀၇၄ ဦးအထိရှိကြောင်း AAPP ၏ ဇူလိုင် ၈ ရက်နေ့ထုတ် ပြန်ချက်စာရင်းအရသိရသည်။

ထို့အတူ အာဏာသိမ်းခြင်း၏ အကျိုးဆက်အဖြစ် ကချင်လွတ်မြောက်ရေးတပ် KIA ၊ ကရင်အမျိုးသား အစည်းအရုံး KNU စသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး ပြည်နယ်နှင့် တိုင်းဒေသများမှာ ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေးတပ် PDF တပ်ဖွဲ့ ဝင်များနှင့်ပါ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။

ယင်းကြောင့် စစ်ကောင်စီက လက်ရှိ စီးပွားရေးအရ အကျပ်ရိုက်ခံရမှုများရှိနေပြီး ခုခံတော်လှန်စစ်ကြောင့်လ ည်း ထိခိုက်ကျဆုံးမှုများလာသဖြင့် ထိုအခက်အခဲအကျပ်အတည်းကြီးမှ  ရုန်းထွက်နိုင်ရန်အတွက် ကြိုးစားနေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခက်သူများက ပြောဆိုနေကြသည်။