- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီနဲ့ ကိုးကန့်တပ် အပစ်ရပ်မှု ဘယ်ထိ ခရီးရောက်မလဲ
“စစ်ကောင်စီနဲ့ MNDAA ရဲ့ သဘောတူညီချက်က သူတို့ နှစ်ဖွဲ့ထက် တော်လှန်ရေး အပြောင်းအလဲ ပေါ်မှာမှုတည်ပါတယ်။ ပြီးတော့ အခုက ကျေကျေနပ်နပ် သဘောတူညီချက်မဟုတ်ဘူး၊ တရုတ်ရဲ့ ဖိအားကြောင့် ယာယီလက်ခံထားရတဲ့ အနေအထားပဲရှိပါတယ်။”
22 Jan 2025
DMG ၊ ဇန်နဝါရီ ၂၂
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ကြား တရားဝင် အပစ်အခတ်ရပ်စဲသွားပြီးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning (မော်နင်း) က ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
ဆွေးနွေးပွဲတွင် မည်သည့်အချက်များကို သဘောတူညီခဲ့ကြောင်း စစ်ကောင်စီနှင့် MNDAA နှစ်ဖက်စလုံးမှ ထုတ် ဖော်ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေသည်။
ဆွေးနွေးပွဲအား ဇန်နဝါရီ ၁၆၊ ၁၇ ရက် နှစ်ရက်တာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ပြုလုပ်ခဲ့ပြီး ၁၈ ရက်နေ့မှစ၍ အသက်ဝင်သည်ဟု တရုတ်ဘက်မှ ပြောဆိုထားသည်။
ဆွေးနွေးရာတွင် စစ်ကောင်စီဘက်မှ ကာကွယ်ရေး စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်အဖွဲ့နှင့် MNDAA ဘက်မှ နိုင်ငံခြားရေးတာဝန်ခံ ဦးဖုန်ခွင်းနှင့် ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘယ်လို သဘောတူညီချက်တွေ ရခဲ့လဲ
စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့ သဘောတူညီခဲ့သည့် အချက်များနှင့်ပတ်သတ်၍ နှစ်ဖက်စလုံးမှ နှုတ်ဆိတ်နေခဲ့ပြီး အပစ်ရပ်ခြင်းကိုပင် တရုတ်၏ ထုတ်ပြောခြင်းမှ သိရခြင်းဖြစ်သည်။
ယင်းသို့ဖြစ်ရခြင်းမှာ နှစ်ဖက်လုံးတွင် တရုတ်၏ဖိအားအပြင် လိုက်လျောရမည့် အချက်များရှိနိုင်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
“စစ်ကောင်စီဖက်က ပြောမှားဆိုမှားရှိသွားရင် တရုတ်ဖက်က ငြိုငြင်မှာစိုးလို့ မပြောတာဖြစ်နိုင်သလို လိုက်လျောပေးရမယ့် အချက်တွေရှိလို့ မပြောတာလည်း ဖြစ်နိုင်တယ်။ ကိုးကန့်ဖက်ကတော့ သူတို့ ခေါင်းဆောင်ကိုတောင် ဖမ်းထားတာပဲ၊ ဖိအားပေးပြီး မပြောခိုင်းတာဖြစ်နိုင်တာပေါ့” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့် က သုံးသပ်သည်။
အပစ်ရပ်ကြေညာပြီး ဇန်နဝါရီ ၂၀ နံနက်ပိုင်းတွင် MNDAA ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်ဂိတ်များ ဖြစ်သော ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်နှင့် လောက်ကိုင် ရန်လုံကျိုင်းနယ်စပ်ဂိတ်တို့ကို တရုတ်က ဖွင့်ပေးခဲ့သည်။
သို့သော်လည်း ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်နှင့် မုန်းကိုး နယ်စပ်ဂိတ်တို့ကို ဆက်လက်ပိတ်ထားဆဲ ဖြစ် ကြောင်း ISP-Myanmar က ဖော်ပြသည်။
ဆွေးနွေးပွဲနှင့် ပတ်သတ်၍ တရုတ်ဘက်မှ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ် တင်းမာမှုများ လျှော့ချရေးသည် နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် အားလုံး၏ အကျိုးအတွက် နှစ်ဖက်လုံးမှ ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ကြောင်း တရုတ်က ဆိုသည်။
ထိုသို့ အပစ်ရပ်သဘောတူညီချက်ရခဲ့လျှင် MNDAA ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် စစ်ကောင်စီဘက်မှ MNDAA ထိန်းချုပ်နယ်မြေများသို့ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်သွားမည်ဖြစ်ဟု အခြေခံအားဖြင့်နားလည်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
လားရှိုးမြို့ အနာဂတ်
ထိုအပစ်ရပ်သဘောတူညီချက်တွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် လားရှိုးမြို့မှ MNDAA တပ်များ တပ်ဆုတ်ရမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း DMG က အတည်မ ပြုနိုင်ပေ။
MNDAA နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များ၏ အဆိုအရ အပစ်ရပ်ခြင်းသာဖြစ်ပြီး လားရှိုးမြို့မှာ ယခု အခြေအနေတိုင်းရှိမည်ဟု သိရသည်။
“အပစ်ပဲရပ်တာပါ။ လားရှိုးကတော့ ပြန်မဆုတ်ပါဘူး။ ဒီလောက်ပါပဲ” ဟု MNDAA မှ အထူးဒေသ (၁) တွင် တာဝန်ထမ်းဆောင်နေသူ ကိုနေဝေစိုးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
သို့သော် လားရှိုးမြို့နှင့် ပတ်သတ်၍ မည်သို့မည်ပုံ သဘောတူညီခဲ့သည်ကို ရှင်းရှင်းလင်းမသိရသော်လည်း လားရှိုးမြို့ကို စစ်ကောင်စီသာ အလုံးစုံ ပြန်ထိန်းချုပ်သွားမည်ဆိုလျှင် တော်လှန်ရေးအင်အားစုများအတွက် တရုတ်ဖိအား၏ နမူနာတစ်ခုအဖြစ် သတိထားစရာ ဖြစ်သွားမည်ဟု သုံးသပ်မှုများရှိနေသည်။
“လားရှိုးကိစ္စကတော့ အကုန်မှန်းဆပြီး ပြောနေကြတာပါ။ သူတို့ကြားမှာ တစ်ခြားဆွေးနွေးစရာတွေ အများကြီး ရှိပါအုံးမယ်။ တကယ်လို့သာ လားရှိုးကို ပြန်ပေးရမယ်ဆိုရင် တရုတ် ဝင်ရောက်ဆွေးနွေးပေးတာက လက်လွှတ်ရတယ်ဆိုတဲ့ နမူနာတစ်ခု တော်လှန်ရေးအင်အားစုတွေဘက်က သတိထားရမှာပေါ့” ဟု နိုင်ငံရေးလေ့လာသုံး သပ် သူ ဦးဖေသန်းက ရှုမြင်သည်။
ထို့အတူ လားရှိုးမြို့အနာဂတ်နှင့် ပတ်သတ်၍ စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲပြီးကာလတွင် အပြောင်းအလဲ ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
လားရှိုးမြို့အား MNDAA တစ်ဖွဲ့တည်းကသာ အုပ်ချုပ်မည်ဆိုလျှင် ရှမ်းပြည်နယ်အတွင်းရှိ တခြားလက်နက်ကိုင် အုပ်စုများဖြင့် ပွတ်တိုက်မှုများ ရှိလာနိုင်ခြင်းကြောင့် စစ်ကောင်စီနှင့် ပူးတွဲအုပ်ချုပ်ရေး စနစ်ကို ဖော်ဆောင်နိုင် ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး မဟာတန်း တက်ရောက်နေသည့် ရခိုင်လူငယ်တစ်ဦးက “ လားရှိုးမှာ ကိုးကန့် အုပ်ချုပ်ရင် အခြား ရှမ်းအုပ်စု၊ ဗမာအုပ်စုတွေနဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြသနာတွေရှိလာနိုင်တယ်။ ဒါ ကြောင့် စစ်ကောင်စီနဲ့ “ဝ” ပုံစံလို ပူးတွဲအုပ်ချုပ်နိုင်တယ်။ ရွေးကောက်ပွဲပြီးတော့မှ တခြား ပုံစံပြောင်းလာမယ် ” ဟု ပြောသည်။
ကိုးကန့်တပ် MNDAA နှင့် BPLA၊ PLA အပါအဝင် ပူးပေါင်းတပ်ဖွဲ့များသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် လားရှိုးအား ဇူလိုင်လ ၂၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်သမိုင်းတလျောက် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်လွှတ်ရခြင်းသည် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
MNDAA တပ် အပြင် PDF၊ ERO တပ်ဖွဲ့ဝင်အများအပြား ပေးဆပ်တိုက်ယူခဲ့ရသည့် အရှေ့မြောက်တိုင်းစစ်ဌာချုပ်အား စစ်ကောင်စီထံ ပြန်ပေးရလောက်သည်အထိ ဖြစ်နိုင်ခြေနည်ကြောင်းလည်း သုံးသပ်နေကြသည်။
မြန်မာ့ စစ်ရေး အလားအလာ
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် MNDAA တို့ အပစ်ရပ်ခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ အခြား တော်လှန်ရေးအင်အားစုများအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်း စစ်ရေးလေ့လာသူများကသုံးသပ်ကြသည်။
“တကယ်လို့ လားရှိုးကို စစ်ကောင်စီ ပြန်ရောက်လာရင် TNLA က ဝန်ပိသွားလိမ့်မယ်။ အခုက TNLA က ညှပ်ထိန်းထားနိုင်တဲ့ အနေအထားဖြစ်တယ်။ စစ်ကောင်စီက လားရှိုးဖက်ကိုရောက်လာရင် TNLA သိမ်းထားတဲ့ မြို့ တွေကို ပြန်ထိုးစစ်မဆင်ဘူးလို့ မပြောနိုင်ဘူးလေ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
လားရှိုးမြို့နှင့် မန္တလေးမြို့အကြားတွင် တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့များ ရှိနေသည်။
၎င်းအပြင် နွေဦးတော်လှန်ရေးအင်အားစုများအတွက် MNDAA မှ စစ်ရေးအရ ကူညီမှုများရပ်တန့်သွားမည်ဖြစ်ပြီး စိန်ခေါ်မှုများကြုံရလာနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
“အခု အခြေအနေဖြစ်သွားတော့ ကိုးကန့်က နွေဦးတော်လှန်ရေးအင်အားစုတွေကို လက်နက်ထောက်ပံ့တာတွေ စစ်သင်တန်းပေးတာတွေ ဆက်လုပ်ဖို့ မလွယ်တော့ဘူလေ။ လုပ်ချင်ရင်တောင် ခိုးပြီးတော့ ထောက်ပံ့တာတွေ လောက်ပဲလုပ်နိုင်တော့မှာ” ဟု ထိုင်းနိုင်ငံတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး မဟာတန်း တက်ရောက်နေသည့် ရခိုင် လူငယ်က သုံးသပ်သည်။
ကိုးကန့်တပ် MNDAA အနေဖြင့် ကိုးကန့်ဒေသအပြင် လားရှိုးမြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခြင်းသည် စစ်ရေးအရကြီးမားသည့် အောင်မြင်မှုတစ်ခုဖြစ်ပြီး ရှမ်းမြောက်ဒေသတွင် မြို့ ၁၀ မြို့အထိ ထိန်းချုပ်ထားသည်။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ လက်ရှိ MNDAA သည် ချင်းရွှေဟော်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ဖောင်းဆိုင်၊ လားရှိး၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ ကွမ်းလုံ၊ မော်ထိုက်၊ သိန္နီ စသည့် မြို့နယ်များအား သိမ်းပိုက်ထိန်းချုပ်ထားသည်။
ဘယ်လောက်ထိ ကြာရှည်ခံမှာလဲ
ယခု ဆွေးနွေးပွဲသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့ပြီး တွေ့ဆုံမှုရလဒ်အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
တရုတ်ကြားဝင်မှုဖြင့် MNDAA က ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၃ ရက်နေ့တွင် ရောက်ရာနေရာမှ အပစ်ရပ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ကြေညာခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် ပထမအကြိမ် တွေ့ဆုံခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် MNDAA၊ TNLA၊ AA မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးပြင်းထန် နေချိန် တရုတ်၏ကြားဝင်မှုကြောင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့တို့ကြား ဟိုင်ဂင်ဆွေးနွေးပွဲအဖြစ် ၅ ကြိမ် တိုင်ဆွေးနွေးခဲ့ကြပြီး ကာလတိုသာအပစ်ရပ်ပြီး တိုက်ပွဲများပြန်လည်ပြင်းထန်ခဲ့သည်။
ထို့ကြောင့် ယခုအပစ်ရပ် သဘောတူညီချက်မှာလည်း အချိန်ကာလအတိုင်းအတာ မည်မျှကြာမကြာဆိုသည်မှာ မြန်မာနိုင်ငံ စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲအပေါ်မှုတည်ကြောင်း ဦးဖေသန်းက သုံးသပ်သည်။
“စစ်ကောင်စီနဲ့ MNDAA ရဲ့ သဘောတူညီချက်က သူတို့ နှစ်ဖွဲ့ထက် တော်လှန်ရေး အပြောင်းအလဲပေါ်မှာမှုတည် ပါတယ်။ ပြီးတော့ အခုက ကျေကျေနပ်နပ် သဘောတူညီချက်မဟုတ်ဘူး၊ တရုတ်ရဲ့ဖိအားကြောင့် ယာယီ လက်ခံထားရတဲ့ အနေအထားပဲရှိပါတယ်။ ရေရှည်ကတော့ MNDAA က သူ့အကျိုးစီးပွားနဲ့ သူ့ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို မထိခိုက်မှပဲ ဖြစ်ပါလိမ့်မယ်။ အခုလည်း အပစ်ရပ်ထားတဲ့ အဆင့်လောက်ပဲရှိတာမို့ သူတို့ကြားမှာ ဆွေးနွေးရင်း ပျက်ပြယ်သွားနိုင်တဲ့ သဘောတော့ရှိပါတယ်” ဟု ဦးဖေသန်းက ပြောသည်။
စစ်ကောင်စီ၏ လားရှိုးမြို့ကျဆုံးပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ စစ်ကောင်စီအား လာရောက်တွေ့ဆုံပြီးနောက်ပိုင်း တရုတ်က MNDAA နှင့် TNLA အား တောက်လျောက် ဖိအားပေးခြင်းကြောင့် စစ်ကောင်စီ နှင့် တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ပြန်ချက်များ ထွက်လာခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမှု လက်ရှိ စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့ အပစ်ရပ်သဘောတူညီချက်မှာ ခရီးမည်မျှအထိ တာရှည်ခံနိုင်မည်နှင့် အခြားတော်လှန်ရေးတပ်များအပေါ် သက်ရောက်မှု မည်မျှထိရှိလာမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်နေကြသည်။