- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်က လမ်းပိတ်ထားသဖြင့် စမ္မတီးချောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၀ ခန့်မှဒေသခံများ သွားလာရေးအခက်အခဲဖြစ်နေ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်ကဒေသခံများ အဓိကကူးလူးဆက်သွယ်နေရသည့် လက်ဝဲစာတိုက်တံတားဂိတ်ကို မြန်မာစစ်တပ်ကပိတ်ထားသဖြင့် ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍတို့တွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။
21 Jul 2022
DMG ၊ ဇူလိုင် ၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်ကဒေသခံများ အဓိကကူးလူးဆက်သွယ်နေရသည့် လက်ဝဲစာတိုက်တံတားဂိတ်ကို မြန်မာစစ်တပ်ကပိတ်ထားသဖြင့် ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍတို့တွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါ စမ္မတီးချောင်းအတွင်းမှ ဒေသခံများမှာ ပုဏ္ဏားကျွန်းမြို့ကို အဓိကထား၍ ဒေသထွက်ကုန်စည်များ ရောင်းဝယ်ဖောက်ကားကာ စီးပွားရေးပြုလုပ်နေရခြင်းဖြစ်သည်။ ယခုရက်ပိုင်းတွင် မြန်မာစစ်တပ်၏ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀)တပ်ရင်းက လက်ဝဲစာတိုက်တံတားဂိတ်ကနေ ဖြတ်သန်းသွားခွင့်ကို တားမြစ်ထားသည့်အတွက် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲရှိလာနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
သဲဖြူချောင်းကျေးရွာမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “လက်ဝဲစာတိုက်တံတားကို ဖြတ်ခွင့်မပေးဘူး။ စစ်တပ်က နေရာယူထားတယ်။ ကျွန်တော်တို့ စမ္မတီးချောင်းအတွင်းက ကျေးရွာတွေမှာက ပုဏ္ဏားကျွန်းမြို့ကို အဓိကထားပြီးတော့ အသက်မွေးဝမ်းကျောင်း ရောင်းဝယ်မှုပြုလုပ်နေကြတာ။ အခုလို ဖြတ်ခွင့်မပေးတော့ စားဝတ်နေရေးတွေ အခက်အခဲတွေရှိတာပေါ့”ဟု ပြောသည်။
အဆိုပါ စမ္မတီးချောင်းအတွင်း လက်ဝဲစာတိုက်၊ ကမ်းထောင်းကြီး၊ ကြာညိုကန်၊ သဲဖြူချောင်း၊ နတ်တောင်၊ သစ်ကတိုး၊ ကံဦး၊ ကြိမ်ချောင်း၊ ဖောင်ဆိပ် စသည့်ကျေးရွာပေါင်း ၂၀ ကျော်ခန့်ရှိပြီး ဒေသခံ ရခိုင်၊ ခမီနှင့် မြိုတိုင်းရင်းသား လူဦးရေ ၁၀၀၀၀ ကျော်ခန့်ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် လက်ဝဲစာတိုက်တံတားဂိတ်ကို မြန်မာစစစ်တပ်လမ်းပိတ်ထားသည့်မှာ ၆ ရက်ခန့်ကြာမြင့်လာနေပြီး ကျေးရွာသားများမှာ ဒေသထွက် ဟင်းသီး၊ ဟင်းရွက်များ၊ ကုန်စည်များကို ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်ရောင်းချရန် လုံးဝမရဖြစ်နေသည့်အတွက် စားဝတ်နေရေးထိခိုက်နေရကြောင်းလည်း ကံဦးကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“အရင်တုန်းကတော့ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုတွေကို စစ်တယ်ပြီးတော့ ဖြတ်သွားလို့ရတယ်။ အခုက လုံးဝဖြတ်ခွင့်မရဘူး။ ကုန်းလမ်းလည်းမရဘူး၊ ရေလမ်းလည်း ဖြတ်ခွင့်မရဘူး။ဆိုတော့ အခက်အခဲတွေရှိတာပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ ဒေသအတွင်းမှာက စီးပွားရေးလည်း ကျပ်တည်းတဲ့နေရာဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ လမ်းတွေအမြန်ဆုံး ဖွင့်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။
ထိုသို့ လမ်းများပိတ်ထားသည့်အတွက် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံကုန်စည်နှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများအပြင် ဈေးနှုန်းမြင့်တက်မှုများရှိလာနေကြောင်းလည်း ကြာညိုကန်ကျေးရွာသူ ဒေါ်မမြနုက DMG သို့ပြောသည်။
“အခုဆိုရင် ဈေးဝယ်ဖို့အတွက် ပုဏ္ဏားကျွန်းကို သွားလို့မရဘူး။ လက်ဝဲစာတိုက်တံတားကနေ ပိတ်ထားတယ်။ ဒါကြောင့် ကျမတို့မှာ ကျန်းမာရေးကိစ္စတွေကအစ အကုန်လုံးအခက်အခဲတွေ ရှိတာပေါ။့ လမ်းတွေပြန်ဖွင့်ပေးစေချင်ပါတယ်”ဟု ၎င်းကဆိုသည်။
မြန်မာစစ်တပ်က ဂိတ်ချထားသည့် လက်ဝဲစာတိုက်ကျေးရွာသည် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းပေါ်တွင်တည်ရှိပြီး စမ္မတီးချောင်းအတွက်လည်း အချက်အချာကျသည့် ထွက်ပေါက်နေရာတစ်ခုဖြစ်နေသည်။
ယင်းကြောင့် မြန်မာစစ်တပ်က စစ်ရေးအရ လမ်းများကိုပိတ်ဆို့ စစ်ဆေးခြင်း ပြုလုပ်မည်ဆိုလျှင်လည်း ဒေသခံများ၏ စီးပွားရေးကို ငဲ့ညှာသည့်အနေဖြင့် ကျေးရွာအုပ်ချုပ်မှူး၏ ထောက်ခံစာဖြင့်သော်လည်းကောင်း၊ လူဦးရေအကန့်အသတ်ဖြင့် သွားခွင့်၊လာခွင့်ကိုပေးသင့်ကြောင်း စာရေးဆရာ ဝေဟင်အောင် အကြံပြုပြောဆိုသည်။
“အဓိက စမ္မတီးချောင်းရဲ့ စီးပွားရေးက ကွမ်း၊ နောက်ပြီးတော့ ဒီရာသီဆိုရင် ဒညင်းသီး၊ သရက်သီးတွေထွက်တယ်။ အဲဒါတွေကို အဓိကတင်ပို့တာက ပုဏ္ဏားကျွန်းကိုတင်ပို့တာ။ အခု လက်ဝဲစာတိုက်က ပိတ်ထားတယ်ဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်လာရင်တော့ ဆေးခန်းသွားမယ်ဆိုတာတောင် အဆင်မပြေဘူး”ဟု ၎င်းကဆိုသည်။
ထိုသို့ လက်ဝဲစာတိုက်တံတားတွင် မြန်မာစစ်တပ်က ဂိတ်ချကာ လမ်းပိတ်ထားခြင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ပုဏ္ဏားကျွန်းဒေသသည် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာနေသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်ဘက်စလုံးက စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်းလည်း သိရသည်။