- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စေတီပြင်- မော်ထက် တံတား ပြုပြင်ရန်တင်ပြမှု ဆိုင်းငံ့ခံရသည့်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်နေရ
ရသေ့တောင်မြို့နယ်က စေတီပြင်- မော်ထက်တံတား ယိုယွင်းပျက်စီးနေသည့်အတွက် အာဏာရစစ်ကောင်စီ ထံသို့ တင်ပြတောင်းဆိုခဲ့သော်လည်း ဆိုင်းငံ့ခံခဲ့ရသောကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ပြုပြင်နေရကြောင်း ဒေသခံများထံမှသိရသည်။
25 Jun 2022
DMG ၊ ဇွန် ၂၅
ရသေ့တောင်မြို့နယ်က စေတီပြင်- မော်ထက်တံတား ယိုယွင်းပျက်စီးနေသည့်အတွက် အာဏာရစစ်ကောင်စီ ထံသို့ တင်ပြတောင်းဆိုခဲ့သော်လည်း ဆိုင်းငံ့ခံခဲ့ရသောကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ပြုပြင်နေရကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါတံတားသည် ကြိုးတံတားတစ်စင်းဖြစ်ကာ အခင်းများကို သံပြားဖြင့်ခင်းပိုးကာ ဆောက်လုပ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ကြာမြင့်လာခဲ့ပြီဖြစ်သည့်အတွက် အခင်းများမှာလည်း ပေါက်ပြဲနေသောကြောင့် သွားရေးလာရေးအခက်အခဲဖြစ်နေသည်ဟု စေတီပြင်ကျေးရွာမှ ဦးလှမောင်က ပြောသည်။
“တံတားက သံပြားနဲ့ဆိုတော့ အခုကသံချေးတွေတက်ပြီး ပေါက်နေတဲ့အတွက် သွားလာရေးအဆင်မပြေဖြစ် နေပါတယ်။ခရီးသွားတွေအတွက်ရော နောက်ကျောင်းသူကျောင်းသားတွေအတွက်ရော တံတားကိုဖြတ်သန်း သွားလာနေကြတဲ့လူတွေအတွက် အန္တရာယ်ဖြစ်နေပါတယ်” ဟု ဦးလှမောင်က ပြောသည်။
တံတားပြုပြင်ရေးနှင့်ပတ်သက်၍ မြို့နယ်စစ်ကောင်စီမှတစ်ဆင့် ပြည်နယ်စစ်ကောင်စီအဖွဲ့ထံသို့ တင်ပြတောင်းဆိုခဲ့သော်လည်း ပြန်လည်ပြုပြင်ရေးအတွက် ဆိုင်းငံ့ခဲ့ရသည်ဟု စေတီပြင်အုပ်ချုပ်ရေးမှူး ဦးအေးထွန်းနိုင်က DMG သို့ပြောသည်။
“ကျွန်တော်တို့က မြို့နယ်ကိုတင်ပြတောင်းဆိုတာတွေရှိတယ်။ ပြီးတော့ ပြည်နယ်ဝန်ကြီးချုပ်ဆီကို သွားပြီးတွေ့တာရှိတယ်။ ကျွန်တော်တို့က သံပြားလောက်ပဲလိုချင်တာ။ သံပြားကို ကျွန်တော်တို့တောင်းဆိုထားတယ်။ ဒါပေမဲ့ ဆိုင်းငံ့ဆိုပြီးတော့ ထွက်လာပါတယ်။ ဒါက ကျွန်တော်တို့ လောလောဆယ်သံပြားရမယ့်အနေအထားမရှိပါဘူး”ဟု ဦးအေးထွန်းနိုင်က ပြောသည်။
ယင်းကြောင့် ပြည်သူများသွားရေးလာရေးအဆင်ပြေစေရန်အတွက် အနီးပတ်ဝန်းကျင်ကျေးရွားများနှင့် ပြည်ပရောက်ဒေသခံပြည်သူများထံမှ တတ်နိုင်သမျှအလှူငွေမျာကောက်ခံကာ ပျက်စီးနေသည့်နေရာများကို ပြုပြင်ရန် ဆောင်ရွက်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
စေတီပြင်-မော်ထက်တံတားကို အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၃၀ ခန့်က ကျေးရွာသားများမှာ သွားရေးလာရေးအတွက် အဓိကအားထားရနေရသာမက ရသေ့တောင် ၊ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်တို့အတွက်ပါ လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသောတံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
“တံတားဒီဘက် စေတီပြင်တောင်းပိုင်းတစ်ခုလုံးက ဒေသခံတွေ မြောက်ဘက်ပိုင်းသွားရင် အဲဒီတံတားကိုဖြတ်သွားမှ အဆင်ပြေသလို စေတီပြင်ဟိုဘက် တောင်ပိုင်းကလူတွေလည်း ဒီတံတားကိုဖြတ်ကျော်ပြီးမှ သွားလာလို့ရတယ်။အသုံးပြုတာက အများကြီးအသုံးပြုကြရတယ်”ဟု စေတီပြင်ကျေးရွာမှ ဦးမောင်လှခင်က ပြောသည်။
ယင်းအပြင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကလေးငယ်များမှာလည်း အဆိုပါတံတားကိုအသုံးပြုကာ စေတီပြင်ကျေးရွာသို့ လာရောက်ကျောင်းတက်နေကြပြီး လက်ရှိတွင် မိုးရာသီကာလဖြစ်သဖြင့် တံတားမှာလည်း ပျက်စီးနေသောကြောင့် ကလေးငယ်များအတွက် စိုးရိမ်နေရသည်ဟု စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
“ကျောက်ရံ၊သိမ်တောင်၊မော်ထက် အဲဒီအုပ်စုမှာရှိတဲ့ ကျေးရွာတွေက ကျောင်းသားတွေဟာ စေတီပြင်ရွာကို လာပြီး ကျောင်းတက်နေကြရတာတွေရှိတယ်။ စက်ဘီးတွေနဲ့သွားကြသလို ခြေကျင်သွားတာတွေလည်းရှိတယ်။ သံပြားတွေပေါက်ပြဲနေတာကြောင့် ကျွံကျမှာကို ကျွန်တော်တို့စိုးရိမ်တယ်။ အဲဒီလို ကျွံကျရင် ကလေးတွေအတွက် အန္တရာယ်ရှိနိုင်တာပေါ့”ဟု ဦးအေးထွန်းနိုင်က ပြောသည်။
တံတားပြုပြင်ရေးလုပ်ငန်း ဆိုင်းငံ့ခံခဲ့ရကြောင်း ဒေသခံများ၏ပြောကြားချက်နှင့်ပတ်သက်၍ ပြည်နယ်စစ်ကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
စေတီပြင်-မော်ထက်တံတားမှာ ပေ ၂၀၀ ကျော်ရှည်လျားပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် ၇ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။အဆိုပါ တံတားမှာ ရခိုင်ပြည်မြောက်ပိုင်းရှိမြိ့နယ်များ အတွက် အလွန်ရေးပါသဖြင့် ဖြစ်နိုင်ပါက ကွန်ကရိုက်တံတားအဖြစ် ဆောက်လုပ်ပေးရန် ဒေသခံများမှလိုလား နေကြသည်။