စင်ကာပူမှ ဘင်္ဂလားဒေ့်ရှ်သို့မောင်းနှင်လာသည့် သင်္ဘောတစ်စင်း ရေဝင်မှုဖြစ်၍ မောင်းသူမဲ့မျောပါလာသည့်အတွက် ပြည်တွင်းရေယာဉ်များ သတိပြုသွားလာကြရန် ရေကြောင်းသတိပေးချက်ထုတ်ပြန်

စင်ကာပူနိုင်ငံမှ ဘင်္ဂလားဒေ့်ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ မောင်းနှင်လာသည့် ဗီယက်နမ်နိုင်ငံ (Tan Binh Co Ltd)ပိုင် ပနားမားနိုင်ငံမှတ်ပုံတင်သင်္ဘော MV Tan Binh 127 (IMO 9240043)သည် ရေဝင်မှုဖြစ်ပွားပြီး မောင်းသူမဲ့မျောပါသွားကြောင်း သြဂုတ်လ ၂ ရက်နေ့တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာမှ ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။

03 Aug 2021

DMG ၊ သြဂုတ် ၃

အဆိုပါသင်္ဘောသည် ဩဂုတ်လ ၁ ရက်နေ့ ညနေ ၇ နာရီမှ စတင် မောင်းနှင်ထွက်ခွာလာပြီးနောက် တနင်္သာရီတိုင်းဒေသကြီး၊ ဇာဒက်ကြီးကျွန်း အနောက်ဘက် ရေမိုင် ၉၀ အကွာတွင် သင်္ဘောထဲကို ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းနောက် ရေယာဉ်မှူးအပါအဝင် ရေယာဉ်ဝန်ထမ်းများအားလုံး ရေယာဉ်ကိုစွန့်ခွာခဲ့ကြသည့်အတွက် အဆိုပါရေယာဉ်မှာ မောင်းသူမဲ့ မျောပါလျက်ရှိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

မျောပါနေသည့်ရေယာဉ်၏ နောက်ဆုံးအချက်အလက် တည်နေရာမှာ မြောက်လတ္တီကျု့ ၁၀ ဒီဂရီ ၀၆ ဒသမ ၂ မိနစ်နှင့် အရှေ့ လောင်ဂျီကျူ့ ၉၆ ဒီဂရီ ၅၂ ဒသမ ၁ မိနစ်၊ မျောပါလျက်ရှိသည့် ဦးတည်ချက်(ခန့်မှန်း) နောက်ဆုံးတည်နေရာမှာ ၀၆၀ ဒီဂရီနှင့် ၀၇၀ ဒီဂရီအတွင်း၊ မျောပါနှုန်း(ခန့်မှန်း)ရေမိုင် ၂ မိုင်တွင် ရှိနေသည့်အတွက် ရေယာဉ်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရေကြောင်းသတိပေးချက် ထုတ်ပြန်အပ်သည်ဟု ပါရှိသည်။

ထို့ကြောင့် နောက်ဆုံးအချက်အလက်ရရှိထားသည့် တည်နေရာမှ ရေယာဉ်မျောပါလျက်ရှိသည့် ဦးတည်ချက်ဧရိယာ မိုင်(၄၀)အတွင်း ရေယာဉ်ကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ အပျော်စီး ခရီးလှေများနှင့် စက်တပ်သမ္ဗာန်များအနေဖြင့် သတိပြုသွားလာကြရန် ထုတ်ပြန်ထားသည်။

အဆိုပါ မျောပါသွားသည့်ရေယာဉ်အား တွေ့ရှိလျှင် ပင်လယ်ရေကြောင်းကယ်ဆယ်ရေး ညှိနှိုင်းရေးစင်တာ Maritime Rescue Coordination Centre (MCRR)သို့ သတင်းပေးပို့ကြရန်ရေကြောင်းသတိပေးချက် ထုတ်ပြန်ချက်က ဆိုထားသည်။