မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မြောက်ဦးဒေသခံ ဆေးကုသမှုခံယူနေစဉ် သေဆုံး

မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်ပြတ်ထွက်သွားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ အသက် ၁၈ နှစ်အရွယ် လူငယ် မှာ စက်တင်ဘာလ ၂၉ ရက်၊ ည ၁၁ နာရီကျော်ခန့်တွင် သေဆုံးသွားသည်ဟု သိရသည်။

30 Sep 2022

မိုင်းနင်းမိသည့် လူနာအား လူနာတင်ယာဉ်ပေါ်သို့ သယ်ယူနေစဉ်။

DMG ၊ စက်တင်ဘာ ၃၀

မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်ပြတ်ထွက်သွားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ အသက် ၁၈ နှစ်အရွယ် လူငယ် မှာ စက်တင်ဘာလ ၂၉ ရက်၊ ည ၁၁ နာရီကျော်ခန့်တွင် သေဆုံးသွားသည်ဟု သိရသည်။

မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် မောင်စိုးနိုင်ကျော်ဆိုသူသည် မင်းသားကျွန်းတံတိုင်းအနီးရှိ တောင်ကုန်းပေါ်သို့ မှိုရှာရန်သွားစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပြီး ခြေထောက်နှစ်ဖက် ဒူးအောက်မှစ၍ ပြတ်ထွက်သွားသည်။

“သူက မိုင်းနင်းမိတာနဲ့ လွှင့်ထွက်သွားပြီး တောင်ကုန်းပေါ်ကနေ လှိမ့်ဆင်းလာပြီး တောင်စပ်နားမှာလဲကျနေတယ်။ တောင်စပ်နဲ့ လမ်းမနဲ့နီးနီးလေးပါ။ ကျနော်တို့ သွားယူတဲ့အခါ သူ့မှာ ခြေနှစ်ဖက်လုံး ပြတ်နေတယ် ။အနီးအနားက လူတွေဝိုင်းပြီး လူနာတင်ယာဉ်ပေါ်တင်ပေးတာပါ။ အဲတုန်းကတော့ သူက သတိရသေးပါတယ်”ဟု ၎င်းအား ဆေးရုံသို့လိုက်ပါပို့ဆောင်ခဲ့သည့် မြို့ခံတစ်ဦးကဆိုသည်။

ထို့နောက် မြောက်ဦးမြို့ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရာ ဆေးကုသနေရင်း သေဆုံးသွားခဲ့သည်။

“ဆေးရုံမှာ ည ၁၁ နာရီလောက်ထိ သွေး ၄ ပုလင်းသွင်းခဲ့သေးတယ်။ ဆေးကုသမှုခံယူခဲ့သေးတယ်။ ဒဏ်ရာက ပြင်းတာကြောင့် ၁၁ နာရီကျော်မှာ သေဆုံးသွားတာလို့သိရပါတယ်”ဟု အဆိုပါ မြို့ခံက ပြောသည်။

ယခင်က မြို့နှင့် အလှမ်းဝေးသည့်နေရာများတွင်သာ မိုင်းနင်းမိမှုများရှိခဲ့သော်လည်း လက်ရှိတွင် မြို့ပေါ်၌ မိုင်းနင်းမိသောကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြသည်။ လက်ရှိတွင် မိုင်းနင်းမိပြီး သေဆုံးသွားသူအား ယနေ့နေ့လယ် ၁ နာရီအချိန်တွင် သင်္ဂြိုလ်မည်ဖြစ်သည်။