လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရခိုင်က စီးပွားရေးလုပ်ငန်းများထိခိုက်မှုရှိလာ

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးနေ့စဉ်ပြတ်တောက်မှုဖြစ်နေခြင်းကြောင့် စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုရှိလာနေကြောင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများက ပြောဆိုသည်။

By DMG 23 Jan 2022

DMG ၊ ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးနေ့စဉ်ပြတ်တောက်မှုဖြစ်နေခြင်းကြောင့် စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုရှိလာနေကြောင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများက ပြောဆိုသည်။

နေ့စဉ် လျှပ်စစ်မီးပြတ်တောက်မှုမှာ အနည်းဆုံး(၃)နာရီမှ (၄)နာရီကျော်အထိ ကြာမြင့်တတ်သည့်အတွက် လျှပ်စစ်မီးကို အားကိုး၍ အလုပ်လုပ်ကိုင်နေရသည့် စက်ရုံလုပ်ငန်းများမှာ ရပ်တန့်ထားရခြင်း၊ နှောက်နှေးခြင်းများကြုံနေရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“မီးတစ်ခါပျက်ရင် လေးနာရီလောက်ကြာတော့ နေ့တစ်ဝက်လောက်ကို အလုပ်ကရပ်ဆိုင်းလိုက်ရတယ်။ ဒါ့အပြင် ဆီဈေးတွေကလည်းတက်တော့ မီးစက်နှိုးပြီးလုပ်ဖို့ကလည်း အဆင်မပြေဘူးလေ။ အခုဒီဇယ်ဈေးတွေက ငွေကျပ် ၁၇၀၀ ဖြစ်နေပြီ”ဟု စစ်တွေမြို့မှ အေးမြမြသောက်ရေသန့်စက်ရုံပိုင်ရှင် ဦးအောင်မျိုးခိုင်က DMG ကိုပြောသည်။

မီးစက်အသုံးပြု၍လုပ်ကိုင်မည်ဆိုသော်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှုကြောင့် အလုပ်များကို နေ့တစ်ဝက်ခန့်နှင့် ရပ်လိုက်ရသည်များရှိကြောင်း ဦးအောင်မျိုးခိုင်ကဆိုသည်။

တဘက်မှာလည်း လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် မီးသွေးဈေးမြင့်တက်နေသဖြင့် ထမင်းဆိုင်ရောင်းချသူတို့မှာ ကုန်ကျစရိတ်များပြီး အကျိုးအမြတ်နည်းလာနေကြောင်း သိရသည်။

“မီးမလာတော့ ချက်ပြုတ်ဖို့အတွက် မီးသွေးသုံးရတယ်။ တစ်အိတ်လုံးကုန်သွားတယ်။ မီးသွေးတစ်အိတ်ကို အခုငွေကျပ် ၈၅၀၀ ဖြစ်သွားပြီ။ ကျမတို့မှာ ကုန်ကျစရိတ်တွေများသွားတယ်။ မီးသွေးလည်းဈေးတက်တော့ အမြတ်မရှိတော့ဘူး။ ကိုယ့်အတွက်ရမယ့်အမြတ်အစွန်းလေးတွေ မရလိုက်ဘူး။ အဲလိုနေ့တွေဆိုရင် လုပ်အားပေး၊ စေတနာ့ဝန်ထမ်းလိုပဲဖြစ်သွားတယ်”ဟု စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်မှ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက DMG ကိုပြောသည်။

ရခိုင်တွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပြည်သူတို့မှာ ဝင်ငွေထက် ထွက်ငွေများပြီး ကုန်ကျစရိတ်များနေသည့်အတွက် လုပ်ငန်းများတွင် ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေကြသည်။

“အလုပ်သမားတွေအတွက်လည်း အလုပ်လုပ်မယ့်အချိန် မီးမလာ၊ မီးလာချိန်အလုပ်မရှိ လွှဲနေတော့ ပိုပြီးဆုံးရှုံးမှုများတာပေါ့။ အဲ့ဒါကြောင့် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာကို မကိုင်နိုင် မချုပ်နိုင်ရင်တောင်မှ အရင်လို စစ်တွေတစ်မြို့လုံးမှာ မီးသေသွားတယ်ဆိုရင် ထပ်ဆင့်ပေးဖို့စက်ရုံ မီးစက်ကြီးကနေ ထပ်တိုး ပေးသင့်တယ်”ဟု စစ်တွေမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုထွန်းလှကျော် DMG ကိုပြောသည်။

ထိုသို့ နေ့စဉ်လျှပ်စစ်မီးပြတ်တောက်မည့်အချိန်ကို ပြည်သူများသို့ သက်ဆိုင်ရာမှ ကြိုတင်အသိပေးထားရန်လိုကြောင်း စစ်တွေမြို့ခံများက ပြောဆိုကြသည်။

“မီးပျက်မယ့်အချိန်ကို ကြော်ငြာလို့လည်းမရှိတော့ ဘယ်အချိန်ရလာမယ်မှန်းမသိ၊ ကြော်ငြာထားတယ်ဆိုရင် ဘယ်အချိန်ပျက်မယ်ဆိုတာသာသိရင် အဆင်ပြေတယ်။ ဖုန်းပြင်ဖို့လာတဲ့သူတွေကိုလည်း မီးဘယ်အချိန်ပြန်လာမယ်ဆိုတာကိုသာ သိပြီးပြောပြနိုင်တယ်ဆိုရင် သူတို့လည်းစိတ်ချရတာပေါ့။ နယ်ကနေ လာပြင်တဲ့သူတွေဆိုလို့ရှိရင် မီးမလာလို့ဖုန်းပြင်လို့မရတော့ ပြန်သွားရတယ်”ဟု စစ်တွေမြို့မှ ဖုန်းပြုပြင်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်နေရခြင်းမှာ မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည့် စက်ရုံကြီးများမှ ဓာတ်အား ထုတ်လုပ်မှု လျော့နည်းနေသည့်အတွက်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထားသည်။

ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် (၄၂၀၀)မဂ္ဂါဝပ်ခန့်ရှိသော်လည်း လက်ရှိအချိန်တွင် ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀)မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်းလေးဆခန့်မြင့်တက်လာခြင်းကြောင့် ရပ်တန့်ထားရကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဇန်နဝါရီ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။