ရှေးဟောင်းမြောက်ဦးမြို့တွင် အမွေအနှစ်များမပျက်စီးစေရန် ကျူးကျော်များကို ဥပဒေအရဆောင်ရွက်မည်ဟု ရှေး/သုပြော

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်ကြိုးပမ်းနေသည့် ရခိုင်ပြည်၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် အမွေအနှစ်များကိုထိန်းသိမ်းနိုင်ရန် ဥပဒေလမ်းကြောင်းအရဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

By DMG 27 Jan 2022

DMG ၊ ဇန်နဝါရီ ၂၇

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်ကြိုးပမ်းနေသည့် ရခိုင်ပြည်၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် အမွေအနှစ်များကိုထိန်းသိမ်းနိုင်ရန် ဥပဒေလမ်းကြောင်းအရဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ရှေးဟောင်းမြို့ဖြစ်သည့် မြောက်ဦးမြို့တွင် ကျူးကျော်နေအိမ်မျများတည်ဆောက်မှု၊ တောတောင်များနှင့်ကျုံးများကို ဖြိုဖျက်မှု၊ သာသနိကအဆောက်အဦများ တည်ဆောင်မှုနှင့် ချောင်းများမြေဖို့ကာ ကျူးကျော်မှုများရှိနေကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ချက်များမှာ ရှေးဟောင်းမြောက်ဦးမြို့ကို ယူနက်စကိုစာရင်းဝင်နိုင်ရန် ကြိုးပမ်းနေမှုကို အဟန့်အတားဖြစ်စေသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရမည့် အသိပေးနှိုးဆော်စာနှင့် အသိပညာပေးလုပ်ငန်းနများကို လာမည့် ဖေဖော်ဝါရီလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေဌာန(ခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကပြောဆိုသည်။

“ကျုးကျော်နယ်နမြေများတွင် အသိပေးနှိုးဆော်စာကပ်ခြင်း၊ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မလိုက်နာရင် ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်မယ်”ဟု ၎င်းကပြောသည်။

“အရေးယူမယ် မယူဘူးဆိုတာက သူတို့လိုက်နာဆောင်ရွက်တဲ့အပေါ်မှာ မှုတည်ပါတယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ဆိုပြီးတော့ နှိုးဆော်စာတွေလုပ်မယ်။ အဲဒါတွေကိုမလိုက်နာဘူးဆိုရင် ၂၀၁၉ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ရေးဥပဒေပုဒ်မတွေထဲက ဘယ်ပုဒ်မတွေနဲ့ တရားစွဲဆိုနိုင်တယ်ဆိုတာကို ဥပဒေအကြံပြုချက်တောင်းမယ်။ ကျနော်တို့ကနေ တရားလိုလုပ်ပြီး တရားစွဲမှာပါ“ဟု ဦးကြည်ခင်က ဆက်ပြောသည်။

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ၏ အခန်း(၇)၊ ပုဒ်မ (၁၈)၊(၁၉)အရ ရှေးဟောင်းဇုန်အတွင်း တိုးချဲ့ခြင်း (သို့မဟုတ်) ဆောက်လုပ်ခြင်း၊ ခြံဝင်းနယ်နမိတ် တိုးချဲ့ဆောက်လုပ်ခြင်းတို့ကိုဆောင်ရွက်ပါက ငွေဒဏ်ကျပ် ၅ သောင်းဖြစ်စေ၊ ထောင်ဒဏ် ၅ နှစ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အမိန့်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

မြောက်ဦးမြို့တွင် နေထိုင်သူများအနေဖြင့် ရှေးဟောင်းအမွေအနှစ်နှင့် ထိန်းသိမ်းရေး ၂၀၁၉ အက်ဥပဒေနှင့် ကင်းလွတ်သည့်နေရာများတွင် စည်းကမ်းတကျနေထိုင်ရမည်ဟု ယခင်ကအသိပညာပေးဆောင်ရွက်ခဲ့သော်လည်း ကျူးကျော်မှုများမှာ လက်ရှိအချိန်တွင် ပိုမိုများပြားလာခဲ့သည်ဟု မြောက်ဦးယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

“ဘယ်လောက်ထိများလာလဲဆိုတော့ အရင်တုန်းက ကျုံးတွေရှိတယ်။ အခုဆို မြေဖို့ပြီးတော့ အိမ်ဆောက်လိုက်ကြတယ်။ အရင်တုန်းက မြို့ရိုးတံတိုင်းဟောင်းတွေရှိတယ်။ အခုဆိုမရှိတော့ဘူး။ အဲ့ဒါမျိုးတွေဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာတဲ့အခါမှ ဘယ်လိုဆက်ပြီးတော့ဆောင်ရွက်မလဲဆိုတာတော့ အာဏာပိုင်တွေနဲ့ပဲဆိုင်မှာပါ“ဟု ၎င်းကပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ယူနက်စကိုဝင်ရောက်နိုင်ရေးအတွက် ယခုနှစ်အတွင်းလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကိုဆောင်ရွက်ရန် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာန(ခွဲ) ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးကပြောသည်။

“ကျနော်တို့ဌာနတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ ကမ္ဘာ့အမွေအနှစ်ဝင်ရောက်ဖို့အတွက် အဟန့်အတားဖြစ်စေတာတွေကို အသိပညာပေးနိုင်မယ့် သိသာထင်ရှားမြင်သာမယ့်လုပ်ငန်းတွေကို ပိုပြီးတော့ဆောင်ရွက်သွားပါ့မယ်“ဟု ၎င်းကဆိုသည်။

မြောက်ဦးယဉ်ကျေးမှုဒေသကို ယူနက်စကိုဝင်ရန် အပြီးသတ်အစီရင်ခံစာမူချောကို ယခုနှစ်ဆန်းပိုင်းကတင်သွင်းထားပြီး ပညာရှင်များ လာရောက်ကွင်းဆင်းစစ်ဆေးသည့်အခါ အဟန့်အတားဖြစ်စေမည့် တစုံတရာမရှိပါက ယူနက်စကိုဝင်ရောက်နိုင်မည်ဖြစ်သည်ဟု ရှေးဟောင်းသုတေသနပညာရှင် ဒေါ်ဥမ္မာမျိုးက သုံးသတ်ပြောဆိုသည်။

“အရှေ့တောင်အာရှမှာ မြောက်ဦးတစ်ခုထဲ ကမ္ဘာ့အမွေအနှစ်ဝင်နိုင်မယ့်အရာတွေရှိတယ်။ ရှေးဟောင်းအမွေအနှစ်တွေကို နောင်လာနောင်သားတွေက တန်ဖိုးထားမြတ်နိုးရမယ်”ဟု ၎င်းကဆိုသည်။

ယခုနှစ်တွင် ရှေးဟောင်းမြောက်ဦးမြို့ကို သက်ဆိုင်ရာပညာရှင်များမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကာ လာမည့်နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကောင်မတီမှ ယူနက်စကိုစာရင်းဝင်၊မဝင်ဆိုသည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။