- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေရှိ ပြည်တော်သာ-ရေချမ်းပြင်မီးရထားလမ်းပိုင်းကို လာမည့်ရက်ပိုင်းအတွင်း စတင်ပြေးဆွဲမည်
စစ်တွေမြို့နယ်ရှိ ပြည်တော်သာ-ရေချမ်းပြင်မီးရထားလမ်းပိုင်းကို လာမည့်မတ်လ ၂၄ ရက်နေ့မှာ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်းခွဲ-စစ်တွေမှ အမည်မဖော်လိုသည့်အရာရှိတစ်ဦးက DMG သို့ပြောသည်။
22 Mar 2022
DMG ၊ မတ် ၂၂
စစ်တွေမြို့နယ်ရှိ ပြည်တော်သာ-ရေချမ်းပြင်မီးရထားလမ်းပိုင်းကို လာမည့်မတ်လ ၂၄ ရက်နေ့မှာ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်းခွဲ-စစ်တွေမှ အမည်မဖော်လိုသည့်အရာရှိတစ်ဦးက DMG သို့ပြောသည်။
ထိုသို့မီထားရထားလမ်းပိုင်း ဖွင့်လှစ်ပြီးသည်နှင့်တစ်ပြိုင်နက် ရထားပြေးဆွဲခြင်းကိုလည်း စတင်သွားမည်ဖြစ်ပြီး ခရီးသည် ၈၀ ဆံ့သည့် RBE စက်ခေါင်းတစ်ခေါင်းဖြင့် ပြေးဆွဲသွားရန်စီစဉ်ထားကြောင်း အဆိုပါအရာရှိက ဆက်ပြောသည်။
“ဒီကြားထဲမှာ ပြင်ဆင်စရာရှိတာတွေကို အကုန်ပြင်ဆင်ပြီးပြီ။ ဖွင့်ပွဲကျင်းပဖို့အတွက် ပြင်ဆင်စရာရှိတာတွေကိုလည်း ပြင်ဆင်နေတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်ကလည်း ယခုမတ်လတတိယအပတ်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြောသည်။
“မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဖွင့်ဖို့ရှိတယ်။ ဒီတစ်ပတ်ထဲလို့ပြောလို့ရတယ်။ လက်မှတ်ဈေးနှုန်းတွေ ဘာတွေကတော့ အရင်ဈေးနှုန်းအတိုင်းပဲဖြစ်ဖို့များတယ်။ ဈေးမတက်ဖို့များပါတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိ အဆိုပါလမ်းပိုင်းကို ပြည်ထောင်စုမှလုပ်ကိုင်နေခြင်းဖြစ်ကြောင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးအဆင်ပြေစေရန်အတွက် အစပြုလုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း ရဲမှူးကြီးသက်လွင်က DMG ကို ပြောဆိုထားသည်။
ရထားလက်မှတ်ဈေးနှုန်းများအနေဖြင့် ပြည်တော်သာဘူတာမှ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာနှင့် ဒါးပိုင်ဘူတာအထိ ၅၀ ကျပ်၊ ပြည်တော်သာဘူတာမှ ဇောပူဂျာဘူတာနှင့် မယ်ဇလီကုန်းဘူတာသို့ ၁၀၀ ကျပ်နှင့် ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာသို့ ၁၅၀ ကျပ် အသီးသီးကျသင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားတာဝန်ရှိသူများထံမှ သိရသည်။
ထိုသို့မီးရထားပြေးဆွဲမည့်နေရာများမှာ ကုန်စည်စီးဆင်းမှုနည်းပါးလှသော နေရာတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့လုပ်ဆောာင်ခြင်းကြောင့် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းနိုင်ခြင်းမရှိကြောင်းကိုလည်း စစ်တွေဒေသခံများက ဝေဖန်ထားကြသည်။
စစ်တွေ-ရေချမ်းပြင်လမ်းပိုင်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ရပ်နားထားခဲ့သည်မှာ သုံးနှစ်ခန့်ရှိနေပြီဖြစ်ကာ ယခုပြန်လည်ပြေးဆွဲရန်ပြုလုပ်နေစဉ်အတွင်း မီးရထားဧရိယာအတွင်းနေထိုင်သူ ရာနှင့်ချီကာ နေအိမ်မှဖယ်ရှားခြင်းခံခဲ့ရသေးသည်။