တောင်ကုတ်တွင် ဆီဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွား

တောင်ကုတ်မြို့နှင့် ၅ ဖာလုံခန့်အကွာ ဖုန်ညိုတောင်ကျေးရွာအနီးရှိ ဆီဆိုင်တစ်ဆိုင်ကို ယနေ့နေ့လယ် ၁၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

22 Feb 2022

တောင်ကုတ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် ဆီဆိုင်အားတွေ့ရစဉ်။ Photo - Nay Lin Aung

DMG ၊ ဖေဖော်ဝါရီလ ၂၂

တောင်ကုတ်မြို့နှင့် ၅ ဖာလုံခန့်အကွာ ဖုန်ညိုတောင်ကျေးရွာအနီးရှိ ဆီဆိုင်တစ်ဆိုင်ကို ယနေ့နေ့လယ် ၁၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်ပွားသောဆီဆိုင်မှာ အသေးစားရောင်းချနေသော ဆီဆိုင်တစ်ဆိုင်ဖြစ်ပြီး ထင်းမီးဖိုဖြင့်ရေနွေးတည်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ကျော်ဝင်းမောင်က အတည်ပြုပြောဆိုသည်။

"ဆီဆိုင်ကတော့ အသေးစားဆီဆိုင်ပါ။ ရေနွေးတည်ရာကနေပြီးတော့ စပြီးမီးလောင်တာဖြစ်တယ်။ ဖြစ်တာက နေ့လည် ၁၂ နာရီကျော်လောက်မှာဖြစ်တာ။ ကျနော်တို့မီးသတ်ကား လေးစီးနဲ့ မီးငြိမ်းတော့ တစ်နာရီလောက်အကြာမှာ အကုန်လုံးမီးငြိမ်းသွားပါတယ်"ဟု ၎င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားသော ဆီဆိုင်မှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ဦးလှမြင့်ပိုင်ဆိုင်သောဆီဆိုင်ဖြစ်ပြီး မီးလောင်မှုကြောင့် အောက်တိန်း ၁၀ ဂါလံ၊ ၁၅ ပေရှိဆိုင်ခန်း၊ ဆီးပန့်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးငွေ ၅၉၈၀၀၀ ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အလားတူ ဇန်နဝါရီလ ၄ ရက်နေ့ကလည်း တောင်ကုတ်မြို့၊ တက္ကသိုလ်ကျောင်းရှေ့အနီးရှိ စိန်ပန်းတိုင်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

တောင်ကုတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်က မြို့အတွင်းရှိ ဆီဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူနေအိမ်အချို့နှင့် ဈေးဆိုင်အချို့ပျက်စီးဆုံးရှုံးခဲ့သည်။ ယင်းနောက်တွင် ဆီဆိုင်များအား မြို့ပြင်ဖက်တွင်တည်ဆောက်ကြရန် အစိုးရမှသတ်မှတ်ခဲ့သည်။

ယခုအခါ ကိန်းရှည်ရပ်ကွက်အတွင်း ဦးထွန်းကြွယ်ဆိုသူမှ ဆီဆိုင်ဆောက်လုပ်နေမှုအား ရပ်ကွက်နေသူများမှ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ သို့သော်တစ်စုံတစ်ရာထူးခြားမှုမရှိဘဲ ဆီဆိုင်ဆောက်လုပ်မှုမှာ ပြီးစီးတော့မည်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။