သံတွဲခရိုင်ဆေးရုံအတွင်း ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့နေရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ သံတွဲခရိုင်ဆေးရုံတွင် ယနေ့(ဇူလိုင် ၂၇ ရက်) နံနက်ပိုင်းက ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့နေရကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။

27 Jul 2021

DMG ၊ ဇူလိုင် ၂၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ သံတွဲခရိုင်ဆေးရုံတွင် ယနေ့(ဇူလိုင် ၂၇ ရက်) နံနက်ပိုင်းက ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့နေရကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။

"ဆေးရုံမှာ ရေဝင်နေပါတယ်။ ဒီနေ့မနက်မှ ရေဝင်လာတာပါ။ အခု အာက်ဆီဂျင်အိုးတွေ ပြောင်းရွှေ့နေကြတယ်" ဟု တာဝန်ကျ ဆရာမတစ်ဦးကပြောသည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲမြို့နယ်အတွင်း ရေပြည့်ရေလျှံကာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီး မြို့၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ရေကြီးမှုဒဏ်ခံနေကြရကြောင်း သံတွဲဒေသခံများက ဆိုသည်။

လက်ရှိမှာ သံတွဲခရိုင်ဆေးရုံရှိလူနာများကို ရေမရောက်နိုင်သော အခြားနေရာများသို့ပြောင်းရွှေ့ကာ ကုသပေးနေရသည်ဟု ကိုဗစ်ကာကွယ်ရေးတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် သံတွဲမြို့ လူမှုအဖွဲ့အစည်းမှ ကိုထွန်းသန့်ကျော်က ပြောသည်။

"လက်ရှိကတော့ လူနာကို ဆေးရုံရဲ့အမြင့်ဆုံးအဆောင်ကိုပို့ပြီးကုသဖို့လုပ်ထားပါတယ်။ ရေကတိုးလာတာပဲရှိတယ်၊ လျှော့သွားတယ်လို့မရှိဘူး။ ဒီအတိုင်းဆိုရင်တော့ လူနာတွေအတွက်လဲ စိုးရိမ်နေရတယ်" ဟု ၎င်းကပြောသည်။

အဆိုပါဆေးရုံတွင် ကိုဗစ်လူနာများလည်း ဆေးကုသမှုခံယူလျက်ရှိနေပြီး ဇူလိုင် ၂၆ ရက်နေ့စာရင်းအရ သံတွဲမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၆၈ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၏စာရင်းအရသိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ သံတွဲအပါအဝင် တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူ စသည့်မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရေကြီးရေလျှံမှုကြောင့် သံတွဲအပါအဝင်မြို့နယ်အချို့တွင် လျှပ်စစ်မီးများလည်း ပြတ်တောက်လျက်ရှိနေသည်။