တယ်လီနော၏ မြန်မာငွေလွဲလုပ်ငန်းကို Yoma Group ထံရောင်းချခြင်းမှာ စစ်ကောင်စီအပေါ် နော်ဝေနိုင်ငံမှ စီးပွားရေးအရဖိအားပေးခြင်းဟု သုံးသပ်

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ၏ ဒီဂျစ်တယ်ငွေကြေးလုပ်ငန်း Wave Money ကို စင်ကာပူအခြေစိုက် Yoma Group ထံ အပြီးသတ်ရောင်းချခြင်းမှာ နော်ဝေနိုင်ငံမှ စစ်ကောင်စီအပေါ် စီးပွားရေးအရဖိအားပေးခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသူများက ဆိုသည်။

By DMG 18 Jan 2022

DMG ၊ ဇန်နဝါရီ ၁၈

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ၏ ဒီဂျစ်တယ်ငွေကြေးလုပ်ငန်း Wave Money ကို စင်ကာပူအခြေစိုက် Yoma Group ထံ အပြီးသတ်ရောင်းချခြင်းမှာ နော်ဝေနိုင်ငံမှ စစ်ကောင်စီအပေါ် စီးပွားရေးအရဖိအားပေးခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသူများက ဆိုသည်။

တယ်လီနောမှ မြန်မာနိုင်ငံအွန်လိုင်းငွေလွှဲလုပ်ငန်း Wave Money မှပိုင်ဆိုင်သည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Yoma Strategic Holdings စီးပွားရေးလုပ်ငန်းစုထံ ရောင်းချမည်ဖြစ်ကြောင်း Nikkei Asia သတင်းဌာနမှ ဖော်ပြသည်။

ထိုသို့ရောင်းချမှုမှာ နော်ဝေနိုင်ငံအနေဖြင့် စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများအပေါ် ရင်းနှီးမြုပ်နှံမှုမလုပ်ရန်နှင့် ပြန်ရုပ်သိမ်းရန်အတွက် နိုင်ငံတကာမှဖိအားပေးမှုများကြောင့် ယခုလိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးသုတေသီတစ်ဦးမှ DMG ကိုပြောသည်။

"စစ်ကောင်စီနဲ့ အလုပ်တွေတွဲမလုပ်ဖို့၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့၊ လုပ်ပြီးသားရင်းနှီးမြှပ်နှံမှုတွေကို ပြန်ရုပ်သိမ်းဖို့ နိုင်ငံတကာက နော်ဝေကုမ္ပဏီတွေကို ဖိအားပေးတာပါ။ နော်ဝေကုမ္ပဏီတွေကို နိုင်ငံတကာက ဝိုင်းပြီးဖိအားပေးနေတာကြာပါပြီ။ အထူးသဖြင့် Justice for Myanmar အဖွဲ့က အဓိကဒါတွေကိုလုပ်နေတယ်။ အဲဒါကြောင့် နော်ဝေကရောင်းတာဖြစ်နိုင်ပါတယ်" ဟု ၎င်းကပြောသည်။

Wave Money ရှယ်ယာများရောင်းရာတွင် အဓိကအများဆုံးပိုင်ဆိုင်သည့်ကုမ္ပဏီမှာ စင်ကာပူအခြေစိုက်Yoma Strategic Holdings ဖြစ်ပြီး ရှယ်ယာအားလုံးကို ကန်ဒေါ်လာ ၁၀၄ သန်းနဲ့ရောင်းချမည်ဖြစ်ကြောင်း Yoma ဘက်မှ ကြေငြာထားသည်။

ထို့အပြင် Yoma Group ၏ ပိုင်ရှင်ဖြစ်သူ Serge Pun (ခေါ်) ဦးသိမ်းဝေသည် Wave Money လုပ်ငန်းကို ၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်လာမည်ဖြစ်ပြီး Yoma Strategic Holdings ၌ပါဝင်သည့် အခြားပုဂ္ဂလိကလုပ်ငန်းများမှ ကျန် ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။

Wave Money အေဂျင့်များ၌ ငွေကြေးထုတ်ယူရာတွင်လည်း ရာခိုင်နှုန်းအများအပြားပေးဆောင်နေရခြင်းမှာလည်း Yoma ဘက်မှ မူဝါဒပြောင်းလဲသွားခြင်းဖြစ်ကြောင်း ဒီဂျစ်တယ်ငွေကြေးဆိုင်ရာများကို လေလာနေသူတစ်ဦးမှ ထောက်ပြသည်။

"ဟုတ်ကဲ့။ အဲဒါကတော့ ရိုးမကုမ္ပဏီက ပြောင်းလဲလိုက်တဲ့သဘောလို့ထင်ပါတယ်။ နောက်ပြီးတော့ ရာခိုင်နှုန်းဆိုတာက တကယ်ကမဖြစ်သင့်ဘူး။ စစ်ကောင်စီက ဒီဂျစ်တယ်ငွေကြေးစနစ်ထိန်းချုပ်လိုက်မှုကြောင့် အခုလိုဖြစ်နေတာပါ။ အဲဒါက ကောင်းတဲ့အခြေအနေတော့မဟုတ်ဘူးလို့ပဲပြောချင်ပါတယ်"ဟု ၎င်းမှထောက်ပြသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အလယ်၌ Yoma Strategic Holdings ကုမ္ပဏီမှလည်း Wave Money ကိုဝယ်ယူရန်အတွက် တယ်လီနောထံသို့ကမ်းလှမ်းမှုရှိခဲ့သည်။