သံတောင်မြို့နယ်တွင် စစ်တပ်က အင်အားထပ်တိုးချထားမှုကြောင့် ဒေသခံများစိုးရိမ်မှုရှိနေ

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်တွင် ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်)မှစပြီး မြန်မာစစ်တပ်က အင်အားထပ်တိုးချထားမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

10 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်တွင် ယမန်နေ့(ဖေဖော်ဝါရီ ၉ ရက်)မှစပြီး မြန်မာစစ်တပ်က အင်အားထပ်တိုးချထားမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ထိုသို့စစ်အင်အားထပ်တိုးချကာ ကျေးရွာများအတွင်း ကင်းလှည့်မှုများရှိနေကြောင်း သံတောင်ကြီးမြို့နယ် တောပြာကျေးရွာမှ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက DMG ကိုပြောသည်။

"မနေ့ကနေစပြီးတော့ စစ်သားတွေထပ်ပြီးရောက်လာတယ်။ ရွာထဲကိုလည်း လှည့်ပတ်နေတယ်ပေါ့နော်။ အင်အားကတော်တော်များတယ်"ဟု အဆိုပါဒေသခံမှ ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းကလည်း သံတောင်ကြီးမြို့နယ်နှင့် တောင်ပြာကလေးရွာကြားတွင် မြန်မာစစ်တပ်မှ တားဆီးစစ်ဆေးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့စစ်ဆေးမှုများမှာ ဖေဖော်ဝါရီပထမအပတ်အတွင်းက မြန်မာစစ်တပ်မှ ဆေးတပ်အရာအရှိအချို့ထွက်ပြေးခဲ့မှုနှင့်သက်ဆိုင်သည်ဟု ကေအန်ယူတပ်မဟာ ၂ နှင့်နီးစပ်သူတစ်ဦးကပြောသည်။

"အခုအင်အားတိုးချဲ့မှုက တလောကစစ်ကောင်စီတပ်က ဆေးတပ်အရာရှိတွေ၊ အရာခံတွေ တောင်ငူကနေထွက်ပြေးတာနဲ့သက်ဆိုင်တယ်။ ပြီးတော့ တပ်သားနှစ်ယောက်ဈေးထဲမှာ ပစ်သတ်ခံရမှုကြောင့်လဲပါတယ်ပေါ့နော်။ အင်အားတိုးချဲ့မှုတွေက ကြာရှည်လာရင်တော့ တိုက်ပွဲထပ်ဖြစ်ဖို့အနေအထားတော့ရှိနေပါတယ်"ဟု ၎င်းမှဆိုသည်။

မြန်မာစစ်တပ်မှ အင်အားတိုးချထားမှုနှင့် ဆေးတပ်မှအရာအရှိအချို့ထွက်ပြေးမှုအပေါ် မြန်မာစစ်တပ်မှ တစုံတရာထုတ်ပြန်ပြောဆိုမှု မရှိသေးချေ။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ တောပြာကလေး၊ ၁၃ မိုင်၊ ပျားစခန်း၊ ကျဲဖြူတောင်နှင့် ယစ်မျိုးကျေးရွာများတွင်လည်း ယနေ့(ဖေဖော်ဝါရီ ၁၀ ရက်)တွင် တပ်မ(၇၇)လက်အောက်ခံ ခလရ(၄၁၄)တပ်မှ ကင်းချထားမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။