မောင်တောမြို့နယ် သီဟိုအေးကျေးရွာတွင် နေအိမ်များ ရေနစ်မြုပ်နေ၍ အရေးပေါ်အကူအညီများလိုအပ်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်ရပ်ကွက်အနီးရှိ သီဟိုအေးကျေးရွာအတွင်း နေအိမ်များရေနစ်မြုပ်လျက်ရှိကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

28 Jul 2021

DMG ၊ ဇူလိုင် ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်ရပ်ကွက်အနီးရှိ သီဟိုအေးကျေးရွာအတွင်း နေအိမ်များရေနစ်မြုပ်လျက်ရှိကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီဟိုအေးကျေးရွာမှ နေအိမ်များမှာ ယင်းသို့ရေနစ်မြုပ်နေခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုသည်။

သီဟိုအေးကျေးရွာ တာဝန်ခံ ကိုနီအောင်က "မိုးအဆက်မပြတ် ရွာနေတာကြောင့် ရွာ ရေနစ်မြုပ်နေတာ ၂ ရက်လောက်ရှိပါပြီ။ မိုးကြီးတော့ ရွာသူရွာသားတွေအပြင်ကိုထွက်ပြီး ဟင်းရှာဖို့လဲမသွားနိုင်ကြဘူး။ စားရေးသောက်ရေးနဲ့ နေထိုင်ရေး အလွန်အခက်တွေ့နေရပါတယ်"ဟု ပြောသည်။

လက်ရှိ ကျေးရွာအတွင်းမှနေအိမ်များတွင် ရေပြည့်လျှံလာ၍ လူနေထိုင်၍ အဆင်မပြေတော့သည့် အနေအထားတွင်ရှိနေကြောင်း ဦးနီအောင်က ဆက်ပြောသည်။
သီဟိုအေးကျေးရွာတွင် အိမ်ခြေ ၈၇ ဆောင်၊ လူဦးရေ ၅၂၀ ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်နေထိုင်ကြသည့် မြိုတိုင်းရင်းသားများမှာ ၈ မိုင်ခန့်ဝေးသော တော၊တောင်များကိုသွားရောက်ပြီး မျှစ်ချိုး၊ ဟင်းခူးကာ မြို့ပေါ်ဈေးများသို့ သွားရောက်ရောင်းချကာ အသက်မွေးနေကြရသူများဖြစ်ကြသည်။