ပလက်ဝတွင် ကျောင်းသားများပစ်ခတ်ခံရသည့်ကိစ္စ စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ကြောင်းငြင်း

ခ်င်းျပည္နယ်၊ ပလက်ဝမြို့နယ္တြင် သြဂုတ္လ ၂ ရက်နေ့က ကေ်ာင်းသားမ်ားစီးနင်းလာသည့် စက်လွေတစ္စီး သေနတ်ျဖင့္ပစ္ခတ္ခံရျခင်းမွာ ၎င်းတို့လက္ခ်က္မဟုတ်ကြောင်း စစ်ကောင္စီက ျငင်းခ်က္ထုတ္ထားသည်။

04 Aug 2022

DMG ၊ သြဂုတ် ၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် သြဂုတ်လ ၂ ရက်နေ့က ကျောင်းသားများစီးနင်းလာသည့် စက်လှေတစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းချက်ထုတ်ထားသည်။

ပလက်ဝမြို့နယ်တွင် ကျောင်းသားစက်လှေကို စစ်ကောင်စီကပစ်ခတ်၍ သေဆုံးဒဏ်ရာရရှိသူများရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)အပါအဝင် အခြားအဖွဲ့အစည်းအချို့မှထုတ်ပြန်ပြီးနောက် စစ်ကောင်စီပိုင်သတင်းစာများမှတစ်ဆင့် ငြင်းချက်ထုတ်ပြန်လာခြင်းဖြစ်သည်။

သြဂုတ် ၃ ရက်နေ့တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ခြင်းမရှိဘဲ နှမဒါကျေးရွာစေတီကုန်း၌ တပ်စွဲစခန်းချထားသော စစ်ကောင်စီတပ်က တမင်တကာရည်ရွယ်ချက်ရှိရှိ စက်သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သို့သော် သြဂုတ်လ ၄ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် “သြဂုတ်လ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တုံးမဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ အထွေထွေဝန်ထမ်း ဦးဗဒူနှင့် ရီးမဝကျေးရွာမှ ကျောင်းသူကျောင်းသား ၇ ဦးတို့မောင်းနှင်သည့် စက်လှေသည် ကုလားတန်မြစ်ကြောင်းအတိုင်း မောင်းနှင်လာစဉ် ကျေးရွာသို့မရောက်မီ ၂ ဖာလုံခန့်အကွာအရောက်၌ မြစ်၏ညာဘက်မြစ်ကမ်းပေါ်မှ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်းဖြစ်ကြောင်း” ဖော်ပြထားသည်။

ယင်းလုပ်ရပ်တို့မှာ NUG ၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များမှာ အနာဂတ်လူငယ်များ၏ ပညာသင်ကြား၊ သင်ယူခွင့် အခွင့်အလမ်းများကိုပျက်ပြက်စေပြီး ၎င်းတို့အား အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန်ရည်ရွယ်ချက်ဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့ ကျောင်းသားစက်လှေပစ်ခတ်ခံရမှုကြောင့် စက်လှေမောင်းနှင်လာသည့် ဦးဗဒူတွင် ဝဲလက်ကောက်ဝတ်နှင့် လည်ပင်းကျပ်ချပ်ထိ ဒဏ်ရာ ၁ ချက်၊ ၁၄ နှစ်အရွယ် (၅တန်း)ကျောင်းသူ မခင်သီတာ၏ ဝဲယာခြေထောက် ၂ ချောင်း၌ ကျည်ထိမှန်ဒဏ်ရာများ၊ အသက် ၁၁ နှစ်အရွယ် (၅ တန်း)ကျောင်းသား မောင်အောင်လင်းဝင်းတွင် ကျောကျည်ချပ်ထိ ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး အသက် ၁၁ နှစ်အရွယ် (၅ တန်း)ကျောင်းသားများဖြစ်ကြသော မောင်နေမင်းထွန်း၊ မောင်သန်းမြင့် နှစ်ဦးတွင် နောက်ကျောကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ပလက်ဝဒေသခံများကမူ ယင်းသို့ ကျောင်းသားများ ပစ်ခတ်ခံခဲ့ရသည့်နေရာမှာ နှမဒါရွာ ဘုရားကုန်းဘက်မှဖြစ်ပြီး ယင်းနေရာတွင် မြန်မာစစ်တပ်ကတပ်စွဲထားကြောင်း DMG သို့ ပြောဆိုကြသည်။

အလားတူ ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(IKACC)ကလည်း ကျောင်းသားများကို စစ်ကောင်စီတပ်မှပစ်ခတ်သည့်ကိစ္စမှာ အရပ်သားနှင့် ကျောင်းသူ၊ကျောင်းသားများကို လက်နက်အားကိုးဖြင့် လူမဆန်သောအကြမ်းဖက်လုပ်ရပ်ဖြစ်၍ ပြင်းထန်စွာရှုတ်ချကြောင်း သြဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြတ်ထွန်းက “ကျနော့်အမြင်ကိုပြောရရင်တော့ စစ်ကောင်စီက အခုကပြည်မမှာပါ ရခိုင်ဒေသမှာပါ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အတွက် မထူးဇာတ်ခင်းနေတယ်လို့ပဲမြင်တယ်။ ဒါကြောင့် ပြည်သူတွေကို ရမ်းသပ်ပစ်ခတ်တာ၊ ရက်ရက်စက်စက် ပစ်ခတ်နေတာဟာ စစ်ရာဇဝတ်မှုကျုးလွန်နေတာ”ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာနေသည့် ဒေသတစ်ခုဖြစ်ပြီး နှစ်ဘက်လုံးက စစ်ရေးလှုပ်ရှားမှုများရှိနေကာ ယခုရက်ပိုင်းအတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများလည်းရှိနေသည်။