- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပြည်တော်သာ-ရေချမ်းပြင် ရထားလမ်းပိုင်းကို တွဲဆိုင်းထပ်တိုးပြေးဆွဲသွားမည်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြန်လည်ပြေးဆွဲနေသော ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းကို ယခင်က တွဲဆိုင်းတစ်ဆိုင်းဖြင့်ပြေးဆွဲခဲ့သော်လည်း လာမည့်အပတ်မှစတင်ကာ တွဲဆိုင်းထပ်တိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား-တိုင်းခွဲ(စစ်တွေ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
21 May 2022
DMG ၊ မေ ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြန်လည်ပြေးဆွဲနေသော ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းကို ယခင်က တွဲဆိုင်းတစ်ဆိုင်းဖြင့်ပြေးဆွဲခဲ့သော်လည်း လာမည့်အပတ်မှစတင်ကာ တွဲဆိုင်းထပ်တိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား-တိုင်းခွဲ(စစ်တွေ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
RBE လူစီးရထားတွဲဆိုင်းနှစ်ဆိုင်းဖြင့် ပြေးဆွဲပေးသွားရန်စီစဉ်ထားကြောင်းနှင့် ထိုသို့ပြေးဆွဲနိုင်ရန်အတွက် ရန်ကုန်ရှိ RBE ရထားတွဲ ၃ တွဲကို ရုံးချုပ်မှ ထပ်တိုးပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဓိကကတော့ စစ်တွေကတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေအဆင်ပြေဖို့အတွက် ပို့လိုက်တာပါ။ ရထားတွဲစက်ခေါင်းတွေကို စစ်ဆေးစရာရှိတာတွေစစ်ဆေးပြီးရင် လာမယ့် ၂၃ ရက်လောက်ကစပြီး တပ်ဆင်ပြေးဆွဲပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ထပ်တိုးရထားတွဲများကို မေလ ၁၆ ရက်နေ့က ရန်ကုန်ဆိပ်ကမ်းမှပို့ဆောင်ခဲ့ခြင်းပြီး မေလ ၂၀ ရက်နေ့တွင် စစ်တွေမြို့ ကျောက်တန်းဇက်ဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
လက်ရှိပြေးဆွဲနေသော ရထားတွဲတွင် ကျောင်းသားများမှာ အခြားခရီးသည်များနှင့်အတူစီးနေရသည့်အတွက် ယခုအခါ ကျောင်းသားများသီးသန့် ရထားတွဲစီစဉ်မည်ဆိုပါက ပို၍အဆင်ပြေကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုထွန်းသီဟကဆိုသည်။
“ကျွန်တော်တို့ကို ဒီနေ့ရထားကလူကတော့ပြောတယ်။ ကျောင်းသားတွေအတွက် ရထားတစ်တွဲ သက်သက်စီစဉ်ထားတယ်ပြောတယ်။ ဒီလိုဆိုရင်တော့ အဆင်ပြေတာပေါ့။ အရင်တုန်းက အခြားသူတွေနဲ့အတူ ရောနှောစီးရတော့ သိပ်အဆင်မပြေဘူး။ အနံ့အသက်တွေလည်း စုံနေတာလေ”ဟု ၎င်းကဆိုသည်။
ပြည်တော်သာ-ရေချမ်းပြင် ရထားလမ်းပြေးဆွဲမှုကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်စတင်ပြီး သုံးနှစ်ခန့်ရပ်နားခဲ့ကာ ယခုနှစ် မတ်လ ၂၄ ရက်နေ့မှ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။
ရထားတွဲပြန်လည်ပြေးဆွဲခဲ့သည့်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ တစ်လကျော်အတွင်း လိုက်ပါစီးနင်းသူ(၁၃၅၄၁)ဦးရှိခဲ့ပြီး ဝင်ငွေအနေဖြင့် (၈၀၄၅၅၀)ကျပ်ရရှိခဲ့ကာ ကုန်ကျစရိတ်မှာ (၅၀၀၅၀၀၀)ကျပ်အထိရှိခဲ့ကြောင်း မြန်မာ့မီးရထား-တိုင်းခွဲ(စစ်တွေ)မှ တာဝန်ရှိသူက DMG သို့ ပြောဆိုထားသည်။
၎င်းရထားတွဲကို တစ်နေ့လျှင်လူလေးရာခန့် လိုက်ပါစီးနင်းခဲ့ပြီး ကျောင်းများပြန်ဖွင့်ချိန်တွင် တစ်ရက်လျှင် ကျောင်းသားကျောင်းသူဦးရေပျမ်းမျှအားဖြင့် ၈၀ ဦးခန့် လိုက်ပါစီးနင်းလျှက်ရှိကြောင်းနှင့် လက်ရှိတွင် တစ်နေ့လျှင်ဒီဇယ်ဆီ ၂၂ ဂါလံ (တစ်နေ့ကုန်ကျစရိတ်မှာ ၁၄၃၀၀၀ ကျပ်)ကုန်ကျမှုရှိကြောင်း သိရသည်။
လက်ရှိ ရထားလက်မှတ်ဈေးနှုန်းများမှာ ပြည်တော်သာဘူတာမှ စစ်တွေတက္ကသိုလ်ဘူတာနှင့် ဒါးပိုင်ဘူတာအထိ (၅၀)ကျပ်၊ ပြည်တော်သာဘူတာမှ ဇောပူဂျာဘူတာနှင့် မယ်ဇလီကုန်းဘူတာအထိ (၁၀၀)ကျပ်နှင့် ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာအထိ (၁၅၀)ကျပ်ဖြစ်ကြောင်း သိရသည်။