လေးလအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၆ ကြိမ် ကျူးလွန်ခဲ့ 

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၄၆ ခုအထိ ကျူးလွန်ခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်သည်။ 

By Admin 14 Jun 2024

မင်းပြားမြို့နယ်၊ သာဒါကျေးရွာကို မတ်လ ၁၈ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ။ (ဓာတ်ပုံ - AA Info Desk)
မင်းပြားမြို့နယ်၊ သာဒါကျေးရွာကို မတ်လ ၁၈ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဇွန် ၁၄

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၄၆ ခုအထိ ကျူးလွန်ခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်သည်။ 

ဉာဏ်လင်းသစ်၏ ဇွန်လ ၁၂ ရက်နေ့ အစီရင်ခံစာအရ - လူ ၅ ဦးနှင့်အထက် တစ်ပြိုင်တည်း သတ်ဖြတ်ခံရမှုဖြစ်စဉ် အနည်းဆုံး ၄၆ ခုရှိပြီး သေဆုံးသူ ၃၆၉ ဦးထိရှိခဲ့ကြောင်း ဖော်ပြသည်။ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်ခြင်းတို့ကြောင့် သေဆုံးသွားခြင်း ဖြစ်သည်။ 

နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် လေးလတာအတွင်း အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့်ဖြစ်စဉ် အနည်းဆုံး ၂၃ ခုရှိခဲ့ပြီး၊ သေဆုံးသူစုစုပေါင်း ၁၆၈ ဦးရှိခဲ့သည်။

ရှမ်း(မြောက်)ဒေသတွင် ၆ ခုဖြင့် အများဆုံးဖြစ်ပြီး ရခိုင်တွင် ၄ ခုဖြင့် ဒုတိယအများဆုံးဖြစ်ခဲ့ကာ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ပဲခူးတိုင်းတို့တွင် အသီးသီး ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုများအနက် မတ်လ ၁၈ ရက်က ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သာဒါကျေးရွာဖြစ်စဉ်မှာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပြီး ကလေးငယ် ၉ ဦးအပါဝင် ၂၂ ဦးအထိ သေဆုံးမှုရှိခဲ့သည်။ 

ယင်းအပြင် စစ်ကြောင်းထိုးဝင်ရောက်စဉ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁ ခုရှိခဲ့ပြီး သေဆုံးသူ ၉၁ ဦး ရှိခဲ့သည်။ စစ်ကြောင်းထိုးဝင်ရောက်မှုများတွင် စစ်ကိုင်းတွင် ၅ ကြိမ်ဖြင့် အများဆုံးသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကရင်နီ၊ မကွေး၊ ပဲခူး၊ မန္တလေးနှင့် ရှမ်း(တောင်)တို့တွင်လည်း အသီးသီးဖြစ်ပွားခဲ့သည်။

ဇန်နဝါရီ ၇ ရက်တွင် စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ဝန်သိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သား ၁၉ ဦးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်မှာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်သည်။ 

စစ်ကောင်စီက လက်နက်ကြီးကြောင့်လည်း အရပ်သားများသေဆုံးမှု၊ နေအိမ်ပျက်စီးမှု အများအပြားရှိခဲ့သည်။ သေဆုံးမှုများထဲတွင် အစုလိုက်အပြုံလိုက်သေဆုံးမှု ၆ ခုအထိရှိခဲ့ပြီး သေဆုံးသူ ၅၂ ဦးရှိခဲ့သည်။ 

ရခိုင်နှင့် ကချင်တွင် ၂ ခုစီဖြင့် အများဆုံးဖြစ်ပြီး ကရင်နှင့် ရှမ်း(တောင်)တွင် တစ်ခုစီ ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၂၉ ရက်က စစ်တွေမြို့၊ BXT ဆိပ်ကမ်းရှိ ဈေးကို စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူ ၂၂ ဦး ရှိခဲ့သည်။ 

လူအခွင့်အရေးလှုပ်ရှားသူတစ်ဦးက “စစ်ကောင်စီက အာဏာသိမ်းကတည်းက နိုင်ငံတစ်ဝန်းမှာ အရပ်သားတွေကို နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေတာ။ အထူးသဖြင့် သူတို့ကိုတွန်းလှန်နေတဲ့ဒေသတွေမှာ စစ်ရေးအရှုံးကို လက်မခံနိုင်ဘဲ အရပ်သားတွေကို ပစ်မှတ်ထားနေတာကို တွေ့ရတယ်။ စစ်ကောင်စီကို မဖြုတ်ချနိုင်သရွေ့ ပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေအုံးမှာဖြစ်လို့ စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့က အရေးအကြီးဆုံးဖြစ်တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၂၆၀ ခုထိ စစ်ကောင်စီက ကျူးလွန်ခဲ့ပြီး သေဆုံးသူ ၂၄၉၀ ဦးအထိရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။