- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ULA ဇင်ချောင်းတိုက်နယ်မှူးဆိုသူကို မြန်မာစစ်တပ်က ရှာဖွေနေ
ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ဇင်ချောင်းတိုက်နယ်မှူးဆိုသူကို မြန်မာစစ်တပ်က ယမန်နေ့(ဇူလိုင်လ ၁၆ ရက်နေ့) ညနေပိုင်းတွင် ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
16 Jul 2022
DMG ၊ ဇူလိုင် ၁၆
ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ ဇင်ချောင်းတိုက်နယ်မှူးဆိုသူကို မြန်မာစစ်တပ်က ယမန်နေ့(ဇူလိုင်လ ၁၆ ရက်နေ့) ညနေပိုင်းတွင် ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား ၃၀ ခန့်ပါဝင်သော မြန်မာစစ်တပ်သည် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း(ကုန်ဘွေရွာ)သို့ဝင်ရောက်လာကာ အသက် ၇၆ နှစ်အရွယ် ဒေါ်ဟန်နုခိုင်တို့ မြေးအဘွားနှစ်ဦးနေထိုင်သည့် နေအိမ်သို့ဝင်ရောက်ကာ တိုက်နယ်မှူးဆိုသူနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့သည်ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးကပြောသည်။
“အိမ်ထဲရောက်တော့ ဇင်ချောင်းကတိုက်နယ်မှူးနဲ့ အဆက်အသွယ်ရှိလား၊ သူဘယ်မှာလဲဆိုပြီး ဒေါ်ဟန်နုခိုင်ကိုမေးတယ်။ ဒေါ်ဟန်နုခိုင်က မသိဘူးပြောတော့ အမှန်အတိုင်းဖြေ၊ မဖြေရင် ရဲစခန်းခေါ်သွားမယ်ဆိုပြီးပြောတယ်။ ဒေါ်ဟန်နုခိုင်က ကျမ အမှန်တိုင်းဖြေတာပါ။ အပြစ်မရှိဘဲခေါ်ရင်လည်း လိုက်သွားရမှာပဲလို့ပြောတော့ ထက်ထက်ဝေ(အဘွားရဲ့မြေး)ဆီက ဖုန်းတွေတောင်းတယ်။ မပေးတော့ လက်မောင်းတွေဆွဲပြီး သေနတ်နဲ့ထောက်ပြီးတော့ ဒီသေနတ်မြင်ဖူးလားသေချာကြည့်ဆိုပြီး ပြောတယ်”ဟု သူကပြောသည်။
ယင်းနောက် အဆိုပါနေအိမ်တွင် တစ်နာရီခန့် စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး စစ်သားများ ပြန်လှည့်ထွက်သွားကြသည်။
“တစ်နာရီကြာ တိုက်နယ်မှူးဘယ်မှာရှိလဲ ဘာလုပ်နေလဲမေးတယ်။ ဒေါ်ဟန်နုခိုင်က မသိဘူး။ ကျမနဲ့လည်း အဆက်အသွယ်မရှိပါဘူးပြောတော့ အိမ်ထောင်စုစာရင်းပြခိုင်းတယ်တဲ့။ အိမ်ထောင်စုစာရင်းလည်းမရှိဘူးဆိုတော့ ယောင်္ကျားရောမေးတယ်။ ဒေါ်ဟန်နုခိုင်က ဆုံးသွားပြီပြောတော့ ထက်ထက်ဝေကို နင်ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲမေးတယ်။ ထက်ထက်ဝေက တစ်ပတ်ပဲရှိပါတယ်ပြောတော့ ဘာလို့ဧည့်စာရင်းမတိုင်တာလဲ။ ဧည့်စရင်းတိုင်ရမယ်ပြောပြီး ထွက်သွားတယ်”ဟု သူကပြောသည်။
အဆိုပါနေအိမ်တွင် တိုက်နယ်မှူးရှိသည်ဟု သံသယဖြင့် ယခင် ၂၀၂၁ ခုနှစ် ဇွန်လကလည်း မြန်မာစစ်သားများက ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့သော်လည်း မတွေ့ရှိသောကြောင့် ပြန်လည်ထွက်သွားခဲ့ရာမှ ယခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံလာရောက်ရှာဖွေခြင်းဖြစ်သည်။
“အခုလိုမျိုး အဘွားအိုတစ်ဦးနဲ့ မိန်းကလေးတစ်ဦးနေတဲ့အိမ်ကိုကျနော့်အိမ်ဆိုပြီး ထင်ယောင်ထင်မှားနဲ့သွားပြီး အတင်းအဓမ္မ စစ်အင်အားသုံးပြီးရင် လက်နက်အင်အားတွေနဲ့ဝိုင်းပြီး စစ်ဆေးတာတွေလုပ်တာကတော့ ဘေးပတ်ဝန်းကျင်က ပြည်သူတွေလည်းကြောက်လန့် စိုးရိမ်ကြမယ်။ အဘွားအိုနဲ့မိန်းကလေးလည်း ကြောက်သွားကြမှာ”ဟု ULA ဇင်ချောင်းတိုက်နယ်မှူးဆိုသူက ပြောသည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းမှ ၂၀၂၀ ခု၊ နိုဝင်ဘာလ ပထမပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ နားလည်မှုသဘောဖြင့် အပစ်ရပ်ခဲ့ကြသည်။ ယင်းနောက်တွင် ရက္ခိုင့်တပ်တော်သည် အုပ်ချုပ်ရေး၊
တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်လာသောကြောင့် မြန်မာစစ်တပ်သည် တစ်ရွာဝင်တစ်ရွာထွက် သွားလာကာ ULA/AA နှင့်မပတ်သက်ရန် ပြောဆိုမှုများလည်းရှိနေသည်။
လက်ရှိတွင် နှစ်ဘက်ကြား သဘောထားတင်းမာမှုများဖြစ်ပေါ်နေကာ စစ်ရေးတင်းမာနေသောကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိနေသည်။