ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် တရားစွဲဆိုခံထားရသည့် ရခိုင်က ဝန်ကြီးဟောင်းနှစ်ဦး၏အမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊မတင်သင့် လျှောက်လဲချက်ပေးမည်

ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ဖောက်ဖျက်သည်ဟု တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့၏အမှုကို လာမည့်မတ်လ ၃ ရက်နေ့တွင် စွဲချက်တင်သင့်၊မတင်သင့် လျှောက်လဲချက်ပေးမည်ဟု တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

23 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၃

ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ဖောက်ဖျက်သည်ဟု တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့၏အမှုကို လာမည့်မတ်လ ၃ ရက်နေ့တွင် စွဲချက်တင်သင့်၊မတင်သင့် လျှောက်လဲချက်ပေးမည်ဟု တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

ယနေ့(ဖေဖော်ဝါရီလ ၂၃ ရက်နေ့)တွင် ၎င်းတို့နှစ်ဦးကို စစ်တွေအကျဉ်းထောင်ရှိ အထူးတရားရုံးတွင်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေတစ်ဦးကိုစစ်ဆေးခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီနေ့က လိုပြသက်သေတစ်ယောက်ကိုစစ်ပါတယ်။ လိုပြသက်သေတွေ ၂ ယောက်နဲ့ တရားလို ၁ ယောက် စုစုပေါင်း ၃ ယောက်လုံးကိုစစ်ဆေးပြီးပါပြီ။ ဒီနေ့စစ်ဆေးလိုက်တော့ မရှိတော့ဘူး။ မတ်လ ၃ ရက်နေ့ကိုထပ်ပြီးတော့ ရုံးချိန်းထားပါတယ်။ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးရပါမယ်”ဟု ၎င်းက DMG သို့ပြောသည်။

ဦးညီပုကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကာ ဦးမင်းအောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၀၉ တို့ဖြင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

“ပြည်ထောင်စုရွေးကောက်ပွဲဆိုင်ရာဥပဒေကို ဖျောက်ဖျက်၊ ကျော်လွန်ပြီးလုပ်တဲ့အတွက် တရားလိုက ပုဒ်မ-၁၃၀(က)နဲ့ တရားစွဲဆိုတာပါ။ ဝန်ကြီးချုပ်ဦညီပုရဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေကိုဖျောက်ဖျက်တာကို အားပေးကူညီပေးတဲ့အတွက် ဦးမင်းအောင်ကို ပုဒ်မ-၁၀၉ နဲ့ထပ်စွဲဆိုတာပါ”ဟု အထက်ပါပုဂ္ဂိုလ်က တရားစွဲရသည့်အကြောင်းကို ရှင်းပြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-(၅၅)ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြည်နယ်တရားရုံးမှ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်စီချမှတ်ခဲ့သည်။

ထို့ပြင်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကို အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့သည်။  

ဝန်ကြီးချုပ်ဦးညီပုသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီးဖြစ်ကာ ၎င်းတို့အားလုံးသည် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျလျက်ရှိကြသည်။