- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဦးညီပုနှင့် ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာပုဒ်မဖြင့် စွဲချက်တင်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှစ်ဦးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)နှင့် ၁၀၉ တို့ဖြင့် ယနေ့(မတ်လ ၃ ရက်)တွင် စွဲချက်တင်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။
03 Mar 2022
DMG ၊ မတ် ၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှစ်ဦးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)နှင့် ၁၀၉ တို့ဖြင့် ယနေ့(မတ်လ ၃ ရက်)တွင် စွဲချက်တင်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။
၎င်းတို့နှစ်ဦးကို စစ်တွေအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ရွေးကောက်ပွဲဥပဒေကိုကျော်လွန်ပြီး ပြုလုပ်ခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၀၉ အမှုအား လျှောက်လဲချက်ပေးပြီး စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း ရှေ့နေသတင်းရင်းမြစ်ထံမှ သိရသည်။
“ဒီနေ့က စွဲချက်လျှောက်လဲချက်ပေးပြီး စွဲချက်တင်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၀(က)နှင့် ၁၀၉ ပုဒ်မနှစ်ခုလုံးကိုတစ်ခါတည်း စွဲချက်တင်တာပါ။ ဥပဒေကိုကျော်လွန်ပြီးတော့လုပ်တယ်ဆိုပြီး အစွဲခံထားရတာပါ။ ၁၀ ရက်နေ့ကို ထပ်ပြီးရုံးချိန်းလိုက်ပါတယ်။ အဲဒီနေ့မှာ တရားလို၊ လိုပြသက်သေတွေကို ပြန်ပြီးတော့စစ်ဆေးသွားမှာပါ”ဟု ဆိုသည်။
အဆိုပါအမှုအား လာမည့်မတ်လ ၁၀ ရက်နေ့သို့ ရုံးချိန်းလိုက်ပြီး ယင်းနေ့တွင် တရားလိုနှင့်လိုပြသက်သေတို့ကို စစ်ဆေးသွားမည်ဟုလည်း သိရသည်။
ပထမတွင် ဦးညီပုနှင့် ဦးမင်းအောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၀(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေဖောက်ဖျက်မှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၀၉ ဖြင့် ထပ်တိုးပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသူရိန်ထွဋ်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးညီပု၏သမီး မကြည်ကြည်ဦးက “ထပ်ပြီးတော့ ရုံးချိန်းလိုက်တယ်လို့တော့ သိရပါတယ်။ ဒီနေ့ဘာတွေဖြစ်ခဲ့လည်း ဆိုတာတော့မသိဘူး။ ကျမတို့အဖေနဲ့တွေ့ခွင့်ရချင်ပါတယ်။ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲမေးချင်တယ်။ တွေ့ချင်ပါတယ်”ဟု DMG ကိုပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-(၅၅)ဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြည်နယ်တရားရုံးမှ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။
ယင်းအထဲမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦညီပု၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်စီနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။
ယင်းအပြင် ဝန်ကြီးချုပ်ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်- ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရပြီးဖြစ်ကာ ၎င်းတိုအားလုံးသည် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျလျက်ရှိကြသည်။