ရခိုင်က တေးရေး၊‌တေးဆို ဦးမောင်ကျော်သာ ကွယ်လွန်

ဂန္တဝင်မြောက် ရခိုင်တေးသီချင်းများကို ရေးဖွဲ့သီဆိုခဲ့သော အသက်(၇၆)နှစ်အရွယ် တေးရေး၊တေးဆို ဦးမောင်ကျော်သာသည် ယမန်နေ့(ဇူလိုင်လ ၁၄ ရက်နေ့) နံနက် ၆ နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

15 Jul 2022

DMG ၊ ဇူလိုင် ၁၅

ဂန္တဝင်မြောက် ရခိုင်တေးသီချင်းများကို ရေးဖွဲ့သီဆိုခဲ့သော အသက်(၇၆)နှစ်အရွယ် တေးရေး၊တေးဆို ဦးမောင်ကျော်သာသည် ယမန်နေ့(ဇူလိုင်လ ၁၄ ရက်နေ့) နံနက် ၆ နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

၎င်းသည် သျှင်ရာရခိုင့်တန်ဆောင်၊ မုနိမဟာ ဘဂဝါ၊ အာစရိယ စသည့်နာမည်ကြီး လူကြိုက်များခဲ့သည့်သီချင်းများကို ရေးဖွဲ့သီဆိုခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့တွင်လည်း အက၊အဆိုနည်းပြတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဦးမောင်ကျော်သာ မကွယ်လွန်မီတွင် နှလုံးသွေးကြောကျဉ်းရောဂါကြောင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ငါးရက်ခန့်ခံယူခဲ့ကာ စစ်တွေမြို့ရှိနေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။

“သူ ပထမဆုံးဖျားလို့ ဆေးခန်းသွားပြတယ်။ အဲတော့ နှလုံးသွေးကြောကျဉ်းတာလို့ပြောတယ်။ အသက်ရှူမဝတာကြောင့် အဆုတ်တစ်ခုခု ဖြစ်နေတာများလားဆိုတော့ အဆုတ်လည်းဘာမှမဖြစ်ဘူး။ ဆေးရုံမှာ အောက်စီဂျင်နဲ့ထားထားတာ။ သက်သာပြီး စကားလည်းပြောလာတော့ မြေးလေးကိုရှင်ပြုချင်တယ်ပြောလို့ ဆေးရုံကလည်း အိမ်မှာအောက်စီဂျင်နဲ့ထားလို့ရတယ်ပြောလို့ ထားသေးတယ်။ မြေးကိုရှင်ပြုတုန်းကတော့ စကားတွေပြောပြီး ပျော်ပျော်ရွှင်ပါပဲ။ နောက်တစ်ပတ်လောက်နေတာနဲ့ ဘာမှစားမဝင်တော့ဘူး။ အောက်စီဂျင်နဲ့ တစ်ချိန်လုံးထားထားရတယ်တဲ့။မနေ့ကမနက်ရောက်တော့ ၆ နာရီလောက်မှာ ဆုံးသွားတယ်လို့ သူ့သမီးဖုန်းဆက်လာတယ်”ဟု ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့(ဂီတမှူးအဖွဲ့) အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောသည်။

၎င်းသည် ၁၉၈၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့တွင် ဝင်ရောက်ခဲ့ကာ မုနိမဟာ ဘဂဝါ သီချင်းကိုသီဆိုခဲ့သည်။ ယင်းနောက် ၁၉၈၈ ခုနှစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သော သာပါခမဏ္ဍိုင်သီချင်းဖြင့်လည်း လူသိများခဲ့သည်။

ဦးမောင်ကျော်သာမှာ ယခင်က ကျောင်းဆရာတစ်ဦးဖြစ်သော်လည်း အနုပညာကိုဝါသနာပါသောကြောင့် ကျောင်းဆရာအလုပ်မှ နုတ်ထွက်ကာ သီချင်းရေးစပ်သီဆိုခြင်း၊ ရခိုင်ယိမ်းအကများကို သင်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်ဟု ဦးအောင်ကျော်သန်းက ပြောသည်။

“နှမြောမိတယ်။ သူက တော်လည်းတော်ပါတယ်။ ဝါသနာလည်းပါတယ်။ အပြောခံအဆိုခံ စနောက်ပြီးနေခဲ့ကြတာ။ သူနဲ့ပွဲတိုင်းလိုလိုသွားတာ။ လုံးဝစိတ်မကောင်းဘူး။ မျက်စိထဲမှာ မြင်ယောင်နေသေးတယ်။ သူနဲ့နေခဲ့ပြောခဲ့တာတွေကို။ လောကကြီးထဲ အပေါင်းအဖော်တွေထဲမှာ ငါ့တစ်ယောက်တည်းကျန်ပြီလေ။ လူတိုင်းသေရမှာပဲ ရှောင်လွှဲလို့မှမရတာ“ဟု သူကပြောသည်။

ရခိုင်ပြည်တွင် အတီး၊အက၊အဆို အနုပညာရှင်များ လက်ချိုးရေတွက်လို့ရသည့်အထဲမှ ယခုကဲ့သို့ ဆုံးရှုံးလိုက်ရခြင်းမှာ များစွာစိတ်မကောင်းဖြစ်ရကြောင်း အကဆရာမ ဒေါ်ချိုချိုကပြောသည်။

“ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ ဆရာသမားလည်းဖြစ်တယ်။ စီနီယာလည်းဖြစ်တယ်။ အခုခေတ်မှာက ပညာရှင်လို့လည်းပြောလို့ရတယ်။ ပညာရှင်တစ်ဦး ကွယ်လွန်သွားတယ်ဆိုရင် အစားထိုးပြီး ပြန်ပေါ်လာတယ်ဆိုတဲ့ထုံးစံ မရှိဘူး။ အတီးသမားတွေ အကသမားတွေ အဆိုသမားတွေဟာ ရခိုင်မှာဆိုရင် လက်ချိုးရေလို့တောင်ရတယ်။ လက်ချိုးရေလို့ရတဲ့အထဲမှာမှ အခုလိုပညာရှင်တစ်ဦးဆုံးသွားတာဟာ စိတ်မကောင်းဘူး။ ရခိုင်တစ်မျိုးသားလုံးအတွက် တစ်ထောင့်တစ်နေရာက လူမျိုးအတွက်၊ ရိုးရာအတွက် အများကြီးလုပ်ပေးခဲ့တဲ့သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် အများကြီး စိတ်မကောင်းဖြစ်ရပါတယ်”ဟု ၎င်းကဆိုသည်။

ဦး‌မောင်ကျော်သာ၏ ရုပ်အလောင်းကို ယနေ့(ဇူလိုင်လ ၁၅ ရက်နေ့)နေ့လည်တွင် စစ်တွေမြို့၌ မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။