- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်မြို့အနီး ဟင်းရှာနေသည့်အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီး သင်္ချိုင်းတောင်တွင် ဟင်းရှာနေသည့် အမျိုးသမီးတစ်ဦးမှာ ယနေ့ နံနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာရရှိသွားသည်။
06 May 2024
DMG ၊ မေလ ၆
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီး သင်္ချိုင်းတောင်တွင် ဟင်းရှာနေသည့် အမျိုးသမီးတစ်ဦးမှာ ယနေ့ နံနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေပြတ်ထွက်ကာ ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ဒေါ်ခင်သန်းလှိုင်(၄၈ နှစ်)မှာ သွေးလှူရှင်များအသင်းရုံးရှေ့ သင်္ချိုင်းတောင်တွင် ဟင်းရှာနေစဉ် မိုင်းပေါက်ကွဲပြီး ပြင်းထန်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။ သင်္ချိုင်းတောင်အနီးတွင် စစ်ကောင်စီတပ်များရှိပြီး စစ်ကောင်စီထောင်ထားသော မိုင်းကိုနင်းမိခြင်းဟု ဒေသခံများက ပြောသည်။
“သူက ဟင်းရှာပြီး ဈေးရောင်စားနေတာ။ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ခြေထောက်ပြတ်သွားတာ။ ဒဏ်ရာကပြင်းတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဒဏ်ရာရလူနာအား တောင်ကုတ်ဆေးရုံသို့ပို့ဆောင်ပြီးမှ ဒဏ်ရာပြင်းထန်မှုအပြင် ဆေးဝါးမလုံလောက်မှုကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်ရကြောင်း သိရသည်။
စကခ(၅)ဌာနချုပ်ရှိရာ တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေပြီး လုံခြုံရေးတင်းကြပ်ထားကာ အသွားအလာကန့်သတ်မှုများရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မြို့အပြင်ဖက်တွေ၊ မြို့အဝင်ဂိတ်အနီးတွေ၊ တက္ကသိုလ်ကျောင်အနီးတွေမှာ စစ်ကောင်စီတပ်က နေရာယူထားတယ်။ မြို့ပေါ်မှာရှိတဲ့လူတွေကိုလည်း အဲဒီနေရာတွေကို မသွားဖို့ ပြောတာတွေရှိတယ်” ဟု သူကပြောသည်။
ရခိုင်စစ်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစပြီး စစ်ကောင်စီ၏ သွားလာခွင့်ကန့်သတ်မှုကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး အခြေခံလူတန်းစားများမှာ ပို၍ဒုက္ခရောက်နေကြသည်။
မေလ ၃ ရက်က မင်းပြားမြို့နယ်၊ ချဲတောင်ကျေးရွာမှ သားအဖနှစ်ဦးမှာ ရွာအနီးတောင်တွင် ဟင်းရှာသွားစဉ် မိုင်းနင်းမိပြီး သားဖြစ်သူသေဆုံးကာ ဖခင်ဖြစ်သူ ဒဏ်ရာရရှိသွားခဲ့သည်။
ရခိုင်ပြည်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်သေဆုံးမှုနှုန်းမှာ တဖြည်းဖြည်းမြင့်တက်လာပြီး ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာနှင့် လက်နက်ကိုင်တပ်ဖွဲ့များ စခန်းချခဲ့သောနေရာများကို ရှောင်ရှားသွားလာရန်နှင့် မသင်္ကာစရာပစ္စည်းများကို ကိုင်တွယ်ယူဆောင်ခြင်း မပြုလုပ်ကြရန် အရေးတကြီး လိုအပ်နေသည်။