- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မုန်တိုင်းငယ်ကြောင့် ရပ်နားထားသည့် အမြန်ယာဉ်လိုင်းများကို စတင်ပြေးဆွဲ
ရခိုင်ကမ်းရိုးတန်းတွင်ဖြစ်ပေါ်ခဲ့သော လေဖိအာနည်းရပ်ဝန်းကြောင့် ရပ်နားထားခဲ့ရသည့် ရခိုင်က အမြန်ရေယာဉ်လိုင်းများကို ယနေ့(ဩဂုတ်လ ၂၀ ရက်)တွင် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
20 Aug 2022
DMG ၊ ဩဂုတ် ၂၀
ရခိုင်ကမ်းရိုးတန်းတွင်ဖြစ်ပေါ်ခဲ့သော လေဖိအာနည်းရပ်ဝန်းကြောင့် ရပ်နားထားခဲ့ရသည့် ရခိုင်က အမြန်ရေယာဉ်လိုင်းများကို ယနေ့(ဩဂုတ်လ ၂၀ ရက်)တွင် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
လေဖိအားနည်းရပ်ဝန်းမှာ ရခိုင်ပြည်နယ် မောင်တောမြို့မှ ရေမိုင် ၁၆ဝ ခန့်နှင့် စစ်တွေမြို့မှ ရေမိုင် ၁၉ဝ ခန့်အကွာ ပင်လယ်ပြင်မှရွှေ့လျားကာ မုန်တိုင်းငယ်အဖြစ်ပြောင်းလဲခဲ့သည်။
ထိုမုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော်အနောက်- အနောက်မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီး နောက် ၂၄ နာရီအတွင်း ချက်တစ်ဂတ်ပြည်နယ် မြောက်ပိုင်းသို့ရောက်ရှိကာ တဖြည်းဖြည်းအားလျော့သွားမည်ဟုခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါမုန်တိုင်းငယ်ကြောင့် ရခိုင်တွင် ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများကို ဩဂုတ်လ ၁၈ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ ရပ်နားထားရန် ပြည်နယ်ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားခဲ့သည်။
သို့သော် သြဂုတ်လ ၁၉ ရက်နေ့က မုန်တိုင်းဖြတ်သန်းသွားပြီးဖြစ်သောကြောင့် ရာသီဥတုအခြေအနေကောင်းမွန်၍ အမြန်ရေယာဉ်များ ယနေ့စတင်ပြေးဆွဲနေပြီဟု ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။
“မိုးလေဝသဌာနက ကြေငြာတဲ့အချိန်မှာ မုန်တိုင်းက နောက်ကျကောင်း နောက်ကျနိုင်တယ်ဆိုတဲ့အတွက် ၂၀ ရက်နေ့ထိကို လေတိုက်နိုင်တယ်ဆိုပြီး ခန့်မှန်းတာကို။ အဓိကကတော့ အန္တရာယ်ကင်းဖို့ဟာက အဓိကပဲလေ။ လေက မရှိတော့ဘူးလေ။ မုန်တိုင်းက ဝင်ဖို့ခန့်မှန်းတာကဒီနေ့မှ ဝင်ဖို့ခန့်မှန်းတယ်။ ဒါပေမယ့် ညတုန်းကဝင်သွားတော့ ရာသီဥတုကကောင်းသွားပြီလေ။ ဒီနေ့စပြီးထွက်ပါတယ်”ဟု ၎င်းကပြောသည်။
တောင်ကုတ်-မာန်အောင်ပြေးဆွဲနေသည့် ရွှေလင်းယုန်အမြန်ရေယာဉ်မှ တာဝန်ခံ ကိုဖိုးသာထွန်းကလည်း “မုန်တိုင်းကြောင့်တော့ ၁၈၊ ၁၉ ရက် ရပ်နားထားခဲ့ပါတယ်။ ဒီနေ့ ရာသီဥတုကောင်းတာကြောင့် စထွက်တာပါ”ဟု ပြောသည်။
မုန်တိုင်းငယ်၏အရှိန်ကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင် နေအိမ် ၃ အိမ်ပျက်စီးသွားခဲ့ပြီး စက်လှေများလည်း ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်။
အလားတူ မာန်အောင်မြို့နယ်တွင်လည်း ဩဂုတ်လ ၁၇ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် သိမ်ကုန်းကျေးရွာအတွင်း နေအိမ်များရေနစ်မြုပ်ကာ ဆန်များပျက်စီးမှုရှိခဲ့သည်။
လက်ရှိမှာ ရာသီဥတုမှာ ပုံမှန်အနေအထားဖြစ်နေသော်လည်း သြဂုတ်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် အရှေ့ဘက်မှလာသည့်လေပွေလှိုင်းကြောင့် ရခိုင်တွင် ဒေသအလိုက် မိုးများနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကို ယနေ့ပြောသည်။
“အခုမုန်တိုင်းငယ်က အိန္ဒိယကမ်းရိုးတန်းဝင်သွားပြီ။ လက်ရှိရာသီဥတုက ပုံမှန်ပဲ။ ၂၂- ၂၃ ရက်မှာ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးကောင်းနိုင်တယ်။ ဒေသအလိုက် မိုးကြီးတာတွေဖြစ်နိုင်တယ်”ဟု ၎င်းကဆိုသည်။